ရွေးကောက်ပွဲ ကျင်းပခါနီးလာချိန် လောင်းလုံးမြို့နယ် အဝင်အထွက် ဂိတ်ဖြစ်သည့် ထားဝယ်မြစ်ကူး ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများကို စစ်အာဏာရှင်တပ်က အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသခံခရီးသွားများက ပြောသည်။
လောင်းလုံးမြို့နယ်သည် စစ်ကော်မရှင်က ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည်။
ဇန်နဝါရီ ပထမပတ်ကစပြီး အဆိုပါစစ်ဆေးရေးဂိတ်တွင် ဒေသခံခရီးသွားများကို အသွားအပြန် လမ်းဆင်းလျှောက်ခိုင်းခြင်း၊ မှတ်ပုံတင်ပြရခြင်းနှင့် ရှာဖွေစစ်ဆေးခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း ဒေသခံခရီးသွားမြို့ခံတစ်ဦးက ဆိုသည်။
“အခုက ခရီးသွားတွေ (ဆိုင်ကယ်နဲ့လာရင်) ဂိတ်ရှေ့ရောက်ရင် အကုန်ဆင်းတွန်းရတယ်။ ကျောင်းသူ ကျောင်းသားတွေနဲ့ ကလေးသူငယ်တွေ ပါလည်း မရဘူး။ အချို့သောသူတွေကို မှတ်ပုံစစ်ဆေးခံရတာတွေ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
လောင်းလုံးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန် မြို့အဝင်အထွက် အစစ်အဆေး ပြန်လည်တင်းကျပ်ခြင်း ဖြစ်နိုင်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။
စစ်အာဏာရှင်တပ်သည် တိုင်းဒေသကြီးအဆင့် အခမ်းအနားများနှင့် ဌာနဆိုင်ရာ လုပ်ငန်းဖွင့်ပွဲများ ကျင်းပချိန်များတွင် ယင်းသို့ အစစ်အဆေးတင်းကျပ်ပြီး နောက်ပိုင်း ပြန်လည်ဖြေလျှော့ပေးလေ့ရှိကြောင်း မြို့ခံများက ဆိုသည်။
“အခုက နေတိုင်း နီးပါးတပ်ချိန်းထားတယ်။ မနေ့က စစ်တဲ့သူတွေ ဒီနေ့ မမြင်ရတော့ဘူး။ နေ့တိုင်း မျက်နှာစိမ်းတွေပဲ တွေ့ရတယ်။ အခါတိုင်းနဲ့ မတူဘူး” ဟု ကမြောကင်းတံတားကို နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိသည် မြို့ခံ ခရီးသွား တစ်ဦးက ပြောသည်။
ကမြောကင်းတံတားသည် ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် အဓိက မြို့အဝင်အထွက် တံတားတစ်စင်းလည်း ဖြစ်သည်။
စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှစတင်ကာ ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းဖြင့် ကျင်းပနေပြီး ဇန်နဝါရီ ၂၅ ရက်၌ ကျင်းပမည့် အပိုင်း (၃) တွင် တနင်္သာရီတိုင်းရှိ ပုလော၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့ပါဝင်သည်။
လောင်းလုံးမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် လေးခု၊ စခန်းကြီး၊ မောင်းမကန်နှင့် ကမြောကင်းတံတားတည်ရှိသည့် ကမြောကင်းကျေးရွာအုပ်စုတို့တွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။







