ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့သောင်း-ရနောင်း ပြေးဆွဲနေသည့် ပဲ့ချိတ်လှေများပြေးဆွဲမှု ယာယီရပ်

January 16, 2026

မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြေးဆွဲနေသည့် ပဲ့ချိတ်များ ပြေးဆွဲမှု ယာယီရပ်နားထား ကြောင့် ပဲ့ချိတ်သမားအချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။

နယ်စပ်ဖြတ်သန်းမည့် ခရီးသည်များကိုတင်ဆောင်ပြေးဆွဲနေသည့် မြန်မာနိုင်ငံသား ပဲ့ချိတ်မောင်းသမားများကို ရနောင်းဆိပ်ကမ်းရှိ ထိုင်းရဲအပါအဝင် အာဏာပိုင်များက စစ်ဆေးမှုတင်းကျပ်ပြီး မကြာခဏဖမ်းဆီးနေသည့်အတွက် ပြေးဆွဲမှုရပ်နားထားခြင်းဖြစ်ကြောင်း ပဲ့ချိတ်သမားအချို့က ဆိုသည်။

ဇန်နဝါရီလ ၁၅ ရက် နေ့လယ်မှစကာ ရပ်နားထားခြင်းဖြစ်ပြီး ၁၆ ရက်နေ့တွင် ပြေးဆွဲသည့် ပဲ့ချိတ်လှေ မရှိကြောင်း ရနောင်းမြို့နေ မြန်မာအချို့ထံမှ သိရသည်။

ရနောင်းဆိပ်ကမ်း(စဖန်ပလား)တွင် ပဲ့ချိတ်မောင်းနေသည့် မြန်မာနိုင်ငံသားများကို မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိ မရှိ ဆီးစစ်ခြင်း၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(ထိုင်းအခေါ်-တောမော)စစ်ဆေးခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း ပဲ့ချိတ်မောင်းသူတစ်ဦးက ပြောသည်။

ထိုသို့စစ်ဆေးချိန် အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခြင်းများလုပ်ဆောင်နေသည့်အတွက် ပဲ့ချိတ်လှေများ ပြေးဆွဲမှုကို ယာယီရပ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အကြောင်းမရှိအကြောင်းရှာပြီးအမြဲတမ်းလာဖမ်းနေတော့ လှေသမားတွေက မရှိရှိတဲ့ကြားက ရှာကြံပြီး ပေးနေရတော့ လှေသမားတွေက မခံစားနိုင်တော့ဘူး။ အဲဒါကြောင့် မသွားကြတော့ဘူးပေါ့။ တရားဝင်ပိတ်တာတော့ မဟုတ်ဘူး” ဟု အဆိုပါ ပဲ့ချိတ်မောင်းသူက ပြောသည်။

ဆီးစစ်ချိန် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်ပါက ဖမ်းဆီးပြီး ဒဏ်ငွေရိုက်လေ့ရှိကြောင်း ပဲ့ချိတ်သမားအချို့က ပြောဆိုသည်။

“အဖမ်းခံရနေတဲ့သူက တော်တော်များများဖြစ်နေပြီ။ မှတ်တောင် မမှတ်မိတော့ဘူး။ ဖမ်းလိုက်လွှတ်လိုက် ပြန်ထုတ်လိုက်နဲ့။ ဆီးမိလို့ တစ်ခါပြန်ထုတ်ရင် ဘတ်တစ်သောင်းလောက်ပေးလိုက်ရတာပဲ”ဟု အထက်ပါ ပဲ့ချိတ်မောင်းသူက ပြောသည်။

ထိုင်းရဲတပ်ဖွဲ့ကလည်း ပဲ့ချိတ်မောင်းသူများကို ဆီးစစ်ရာတွင် မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိသည်ဟု ထုတ်ပြန်လေ့ရှိသည်။

ကော့သောင်းမြို့နှင့် ရနောင်းမြို့မှာ ကုန်းလမ်းမရှိဘဲ မျဉ်းဖြောင့်တိုင်းပါက သုံးမိုင်ခွဲခန့်ကျယ်သည့် ပါချန်မြစ်ဝ (ပင်လယ်ဝ) ကိုဖြတ်ကာ ပဲ့ချိတ်လှေငယ်များဖြင့် ဖြတ်သန်းသွားလာနေကြခြင်းဖြစ်သည်။

ထိုကဲ့သို့ ပဲ့ချိတ်လှေများပြေးဆွဲရပ်နားထားသည့်အတွက် ကော့သောင်းစာအုပ်ဟု အများခေါ်ဝေါ်ကြသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ရနောင်းခရိုင်အတွင်း နေထိုင်သည့် မြန်မာနိုင်ငံအချို့ အခက်တွေ့နိုင်ကြောင်း ရနောင်းမြို့နေ ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။

“ရေရှည်သာ အဲဒီလိုဖြစ်နေရင် သက်တမ်းကုန်တော့မယ့်လူတွေအတွက်တော့ ဘယ်လိုလုပ်ရမှန်းမသိသေးဘူး” ဟု ၎င်းက ပြောသည်။

သာမန်အားဖြင့် ကော့သောင်းအိမ်ထောင်စုစာရင်းရှိသူများကိုသာ ထုတ်ပေးသည့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass)ဖြင့် ရနောင်းခရိုင်အတွင်းနေထိုင်ခွင့် သက်တမ်းမှာ ၁၄ ရက်သာ ခွင့်ပြုထားသည်။

သက်တမ်း ၁၄ ရက်ပြည့်ပါက မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ အထွက်ပြကာ ရနောင်းဘက်တွင် ဆက်လက်နေထိုင်ကြခြင်းဖြစ်သည်။