ဒိန်းမတ်၏ စစ်ရေးလေ့ကျင့်မှုများကို ကူညီရန် ရည်ရွယ်သည့်အနေဖြင့် ဥရောပတပ်ဖွဲ့ဝင် အနည်းငယ်ကို ဂရင်းလန်းကျွန်းသို့ ဇန်နဝါရီလ ၁၅ ရက်နေ့က စေလွှတ်လိုက်သည်။
ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်းတို့အကြား ဆွေးနွေးပွဲ မအောင်မြင်ခဲ့သည့်နောက် တစ်ရက်အကြာတွင် ယင်းသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သိမ်းပိုက်လိုကြောင်း ပြောဆိုနေသည့် ဂရင်းလန်းကျွန်း၏ လုံခြုံရေးကို ကာကွယ်ရန် အတွက် နေတိုး (NATO) တပ်ဖွဲ့ဝင်များ ဂရင်းလန်းကျွန်းတွင် ပိုမိုများပြားစွာ ချထားနိုင်ရေး အစီအစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒိန်းမတ်ဘက်က ပြောဆိုထားသည်။
ဂရင်းလန်းကျွန်းတွင် တိုးမြှင့်ချထားရန် လျာထားသည့် နေတိုးတပ်ဖွဲ့ဝင် အရေအတွက် အတိအကျကိုမူ မသိရှိရသေးကြောင်း ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့က ပြောဆိုသည်။
“ဒါပေမဲ့ ၂၀၂၆ ခုနှစ်တစ်လျှောက်လုံးမှာ ပိုမိုများပြားပြီး အမြဲတမ်းအခြေစိုက်မယ့် အင်အားစုတွေအတွက် ကျွန်တော်တို့ အစီအစဉ် ဆွဲနိုင်တော့မှာကတော့ ရှင်းပါတယ်။ အာတိတ်ဒေသရဲ့ လုံခြုံရေးဟာ ဒိန်းမတ်နိုင်ငံတစ်ခုတည်းအတွက် မဟုတ်ဘဲ နေတိုးအဖွဲ့ဝင်အားလုံးအတွက် ဖြစ်တယ်ဆိုတာကို ပြသဖို့က အလွန်အရေးကြီးပါတယ်” ဟု ၎င်းက ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ရုရှား၊ တရုတ်တို့က ဂရင်းလန်းကို သိမ်းပိုက်ရန် ကြိုးပမ်းလာလျှင် ဒိန်းမတ်အနေဖြင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကျွန်းကို ကာကွယ်နိုင်မည် မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။
မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိပြီး သယံဇာတကြွယ်ဝသည့် ဂရင်းလန်းကျွန်းသည် အမေရိကန်၏ လုံခြုံရေးအတွက် အရေးပါကြောင်း ထရမ့်က ပြောဆိုထားပြီး ဂရင်းလန်းကျွန်းကို အမေရိကန်က ရရှိရန်အတွက် စစ်အင်အားသုံးနိုင်ခြေ ကိုလည်း ချန်လှပ်ထားခြင်း မရှိပေ။
ဂရင်းလန်းသည် ရောင်းရန်အတွက် မဟုတ်ကြောင်း ဒိန်းမတ်နှင့် ဂရင်းလန်းဘက်က ပြောဆိုထားပြီး စစ်အင်အားသုံးမည်ဟု ခြိမ်းခြောက်ခြင်းမှာ ဆင်ခြင်တုံ တရားကင်းမဲ့သော လုပ်ရပ်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခု၏ နယ်မြေကို အမေရိကန်က စစ်အင်အားသုံး သိမ်းပိုက်ခြင်းသည် အမေရိကန် ဦးဆောင်နေသည့် နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ကို အဆုံးသတ်သွားစေနိုင်ကြောင်း ဥရောပနိုင်ငံများက သတိပေးထားသည်။
ဥရောပတပ်ဖွဲ့များကို ဂရင်းလန်းသို့ စေလွှတ်ခြင်းသည် အမေရိကန်အစိုးရထံသို့ သတင်းစကားနှစ်ခု ပေးပို့လိုက်ခြင်း ဖြစ်ကြောင်း တော်ဝင်ဒိန်းမတ်ကာကွယ်ရေးကောလိပ်မှ တွဲဖက်ပါမောက္ခ မာ့ခ် ဂျေကော့ဘ်ဆင်က ပြောသည်။
“ပထမအချက်ကတော့ ဟန့်တားဖို့ပါ၊ ‘ခင်ဗျားတို့ဘက်က စစ်ရေးအရ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်တို့က ဂရင်းလန်းကို ကာကွယ်ဖို့ အဆင်သင့်ပဲ’ ဆိုတာကို ပြသလိုက်တာပါ” ဟု ၎င်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ ‘ခင်ဗျားတို့ရဲ့ ဝေဖန်ပြောဆိုမှုတွေကို ကျွန်တော်တို့ အလေးအနက်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တပ်အင်အားကို တိုးမြှင့်လိုက်တယ်။ အချုပ်အခြာအာဏာကို စောင့်ရှောက်တယ်၊ ပြီးတော့ ဂရင်းလန်းအပေါ် စောင့်ကြည့်စစ်ဆေးမှုတွေကိုလည်း မြှင့်တင်လိုက်တယ်’ လို့ ပြောချင်တာပါ” ဟု မာ့ခ် ဂျေကော့ဘ်ဆင်က ဆိုသည်။
ဗုဒ္ဓဟူးနေ့က အမေရိကန်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲမတိုင်မီကပင် ဂရင်းလန်းနှင့် ဒိန်းမတ်တို့သည် နေတိုးမဟာမိတ်များနှင့် ပူးပေါင်းကာ ဂရင်းလန်းကျွန်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် စစ်ရေးအရ အင်အားတိုးမြှင့်မှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: Reuters







