ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုက လက်ဆောင်ပေးအပ်သည့် သူမ၏ ငြိမ်းချမ်းရေးနိုဘယ်ဆုတံဆိပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၁၅ ရက်နေ့က အိမ်ဖြူတော်တွင် လက်ခံရယူခဲ့သည်။
ဗင်နီဇွဲလား၏ အနာဂတ်အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ မာချာဒိုက လွှမ်းမိုးနိုင်ရန် ကြိုးစားနေချိန် အိမ်ဖြူတော်တွေ့ဆုံပွဲ၌ ယင်းသို့ ပေးအပ်လိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
အဆိုပါ ဆုတံဆိပ်ကို လက်ခံသိမ်းဆည်းထားရန် သမ္မတထရမ့်က ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ဗင်နီဇွဲလားပြည်သူများ၏ လွတ်လပ်မှုအတွက် ထရမ့်၏ သန္နိဋ္ဌာန်ချထားမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ယင်းသို့ လက်ဆောင်ပေးအပ်ခြင်း ဖြစ်ကြောင်း မာချာဒိုက ပြောသည်။
အိမ်ဖြူတော်၌ တွေ့ဆုံပွဲမှာ အင်မတန် ထူးကဲကောင်းမွန်ကြောင်းလည်း ၎င်းကဆိုသည်။
“ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေအတွက် မာရီယာက သူမရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ကျွန်တော့်ဆီ လာရောက်ပေးအပ်ခဲ့ပါတယ်။ ဒါဟာ အပြန်အလှန်လေးစားမှုကို ပြသတဲ့ အလွန်ကောင်းမွန်တဲ့ အပြုအမူတစ်ခုပါပဲ။ ကျေးဇူးတင်ပါတယ် မာရီယာ” ဟု ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ပြောဆိုခဲ့သည်။
ဗင်နီဇွဲလားအာဏာရှင်သမ္မတဟောင်း မာဒူရို၏ နေရာတွင် မာချာဒိုအား အစားထိုး ခန့်အပ်ရန် ကိစ္စကို သမ္မတထရမ့်က ပယ်ချခဲ့ပြီးနောက် ထရမ့်အား စည်းရုံးရန် မာချာဒို၏ ကြိုးပမ်းမှု ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့်လက ငြိမ်းချမ်းရေးနိုဘယ်ဆုကို မာချာဒိုက မရရှိမီတွင် ထရမ့်က ၎င်းကိုယ်တိုင် အဆိုပါ ဆုကို ရရှိရန်အတွက် ပေါ်ပေါ်ထင်ထင် စည်းရုံးလှုံ့ဆော်ခဲ့ဖူးသည်။
အဆိုပါ ဆုကို ရရှိရန် ၎င်းအား လျစ်လျူရှုခံခဲ့ရသည့်အပေါ် ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ဖူးသည်။
Source: Reuters







