ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း၊ သင်းကျွန်းရွာတွင် နေအိမ်ခြောက်လုံးမီးရှို့ခံရ

December 15, 2025

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာတွင် ဒီဇင်ဘာ ၁၁ ရက်က အရပ်သားနေအိမ် ခြောက်လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့နှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းတစ်လျောက်ရှိ သရက်နှစ်ခွ၊ ဥတ္တူ၊ ရန်တောင်၊ သင်းကျွန်း၊ ညောင်ဇင် ကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စစ်အာဏာရှင်တပ်သည် ဒီဇင်ဘာလ ၁၁ ရက်တွင် သရက်နှစ်ခွ၊ သင်းကျွန်းရွာက ဘုန်းကြီးကျောင်းနှင့် အရပ်သားနေအိမ်အချို့တွင် ဝင်ရောက်တပ်စွဲခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်။

ယင်းနောက် စစ်အာဏာရှင်တပ် မီးရှို့ခဲ့သည့် နေအိမ် ခြောက်လုံးရှိကြောင်း သင်းကျွန်းရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်က စစ်အာဏာရှင်တပ် ကားတစ်စီး သင်းကျွန်းရွာတောင်တက်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရသောကြောင့် အံဇာတုံးကားတစ်စီးကို ချောဆွဲကာ ဒဏ်ရာရလူနာများကို သယ်ဆောင်သွားကြောင်း ဖြစ်စဉ်ကို သိရှိသည့် ကားသမားတစ်ဦးက ပြောသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင်ပင် သရက်ချောင်းမြို့မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ကုန်ကားတစ်စီး ဘရိတ်မထိန်းနိုင်ဘဲ စစ်အာဏာရှင်တပ်ကားကို ဝင်တိုက်မိသဖြင့် ကားသမားနှင့် စပယ်ယာအမျိုးသားကို စစ်အာဏာရှင်တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ခဲ့သေးကြောင်း ကားသမားတစ်ဦးက ပြောဆိုသည်။

ယခု ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် သရက်ချောင်းမြို့နယ်အတွင်းရှိ စော်ဖျား၊ ကင်းရှေ့၊ ကျောက်လှေကား၊ မိုးရွှေကုန်း၊ ရောင်းမော်၊ ဥတ္တူ၊ ရန်တောင်၊ သရက်နှစ်ခွ၊ သင်းကျွန်း၊ လဘ၊ ချောက်ချောင်း၊ သိမ်ကုန်း၊ ကတွဲစသည့်ကျေးရွာများကို စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နေအိမ် ရာနှင့်ချီကို မီးရှို့ခဲ့သည်။

ယင်းအပြင် အရပ်သားများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းသဖွယ် လမ်းပြခိုင်းခြင်း၊ ရိက္ခာပစ္စည်းများ သယ်ခိုင်းခြင်း၊ ရွှေ၊ ငွေနှင့် ဖုန်း၊ ဆိုင်ကယ်၊ အိမ်ထောင်ပရိဘောဂ စသည်တို့ကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။