စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းရန်အတွက် ထားဝယ်မြို့ပေါ်ရှိ နေအိမ်များထဲအထိ ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ဒီဇင်ဘာလ ၉ ရက် ည ၁၁ နာရီခန့်က တလိုင်းမရပ်ကွက်ရှိ နေအိမ်တစ်ဆောင်သို့ စစ်အာဏာရှင်တပ်သားများ ရောက်လာပြီး အသက် ၃၀ နှစ်ခန့်ရှိ လူငယ်တစ်ဦးကို စစ်မှုထမ်းခိုင်းရန် အဓမ္မဖမ်းဆီးသွားကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ကားနဲ့ လာပြီး သူတို့မှာပါတဲ့ စာရင်းနဲ့ သူ့ (အဖမ်းခံရသူ) မှတ်ပုံတင် တိုက်စစ်တယ်။ ပြီးတာနဲ့ ခဏလိုက်ခဲ့ဆိုပြီး ခေါ်သွားတာ။ ရဲစခန်းမှာ တစ်ညအိပ်ပြီး နောက်ရက်လည်းကျရော လှေဆိပ် (ထားဝယ်မြစ်ကမ်းနား) ပို့လိုက်တာပဲ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဒီဇင်ဘာ ၁၀ ရက် ညကလည်း အိမ်ရှေ့ပြင်ရပ်ကွက်တွင် စစ်အာဏာရှင်တပ်သားများက နေအိမ်ထဲအထိ ဝင်ရောက်လာပြီး အမျိုးသားတစ်ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးသွားကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။
“သူဆို အသက် ၃၅ လောက်တောင်ရှိနေပြီ။ အိမ်ထောင်သည်” ဟု နီးစပ်သူများ၏ ပြောပြချက်ကို ကိုးကားပြီး ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် စစ်မှုထမ်းခိုင်းရန်အတွက် အဓမ္မဖမ်းဆီးထားသူများကို ဒီဇင်ဘာလ ၁၁ ရက် ဝန်းကျင်တွင် ထားဝယ်မြို့ရှိ ထားဝယ်မြစ်ကမ်းနားမှတစ်ဆင့် မြိတ်မြို့သို့ ရေလမ်းကြောင်းဖြင့် ပို့ဆောင်လိုက်ကြောင်း ထားဝယ်မြို့ခံအချို့ထံမှ သိရသည်။
ထိုနေ့က ပို့ဆောင်ရာတွင် အဓမ္မဖမ်းဆီးခံထားရသူ ၃၅ ဦးခန့်ရှိပြီး မြိတ်မြို့မှတစ်ဆင့် ပလောက်မြို့ရှိ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း အထက်ပါနီးစပ်သူက ပြောသည်။
ထားဝယ်မြို့အပါအဝင် စစ်မှုထမ်းအတွက် ဖမ်းဆီးစုဆောင်းထားသည့် တနင်္သာရီတိုင်းအတွင်းမှ လူငယ်များကို အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ပုံမှန် သင်တန်းပေးသည်။
စစ်ကော်မရှင် ဝါဒဖြန့်မီဒီယာအချို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့၌ အမှတ် (၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းအပတ်စဥ် (၂၀) သင်တန်း စတင်ဖွင့်လှစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါသင်တန်းတွင် သင်တန်းသားဦးရေ ၂၀၀ ခန့် ပါဝင်သည်ကို တွေ့ရသည်။
တစ်ဖက်တွင်လည်း ထားဝယ်မြို့ပေါ်တွင် ညဘက်တွေအထိ ပွဲလမ်းသဘင်များ ကျင်းပနေကြောင်း မြို့ခံအချို့က ပြောသည်။
ယခုရက်ပိုင်းအတွင်း ထားဝယ်မြို့ ကျွန်းမွှေးရပ်တွင် ညနေပိုင်းမှ ည ၁၀ နာရီခန့်အထိ ဇာတ်ပွဲဖြင့် ကပြဖျော်ဖြေနေကြောင်း သိရသည်။
Dawei Watch က လက်လှမ်းမီသည့် အချက်အလက်များအရ ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ နေအိမ်များနှင့် မြို့အဝင်အထွက်ဂိတ်များတွင် စစ်မှုထမ်းအတွက် စစ်အာဏာရှင်တပ်၏ ဖမ်းဆီးစုဆောင်းခံရသူ တစ်ဆယ်ကျော်ရှိခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာလတွင်ပင် ထားဝယ်မြို့နယ်၊ တလိုင်းတောင်ရွာနှင့် ဇလွန်းရွာတို့တွင်လည်း အမျိုးသား ၃၀ခန့်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီး ယင်းအနက် လူငယ် ၁၂ ဦးကို အဓမ္မစစ်မှုထမ်းစုဆောင်းခဲ့သေးသည်။







