ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဩစတြေးလျ ဘွန်ဒိုင်းကမ်းခြေတိုက်ခိုက်မှု ကျူးလွန်သူမှာ သားအဖနှစ်ဦးဟု ရဲတပ်ဖွဲ့ပြော

December 15, 2025

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ဘွန်ဒိုင်းကမ်းခြေရှိ ဂျူးဘာသာရေးပွဲတစ်ခုတွင် လူ ၁၆ ဦးကို သတ်ဖြတ်ခဲ့သည့် သေနတ်သမားဟု စွပ်စွဲခံထားရသူနှစ်ဦးမှာ သားအဖနှစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ဩစတြေးလျနိုင်ငံတွင် နှစ် ၃၀ နီးပါးအတွင်း အဆိုးရွားဆုံး သေနတ်ပစ်ခတ် အကြမ်းဖက်မှုဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိနေသည်။

ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် သေနတ်သမား အမျိုးသားသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏ ၂၄ နှစ်အရွယ် သားဖြစ်သူ သေနတ်သမားမှာ ဆေးရုံ၌ စိုးရိမ်ရအခြေအနေတွင် ရှိနေကြောင်း ရဲတပ်ဖွဲ့က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ယင်းပစ်ခတ်မှုသည် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သည့် ဂျူးဆန့်ကျင်ရေး အကြမ်းဖက်မှုအဖြစ် ဩစတြေးလျအာဏာပိုင်များက ဖော်ပြသည်။

သားဖြစ်သူ သေနတ်သမားမှာ Naveed Akram ဆိုသူဖြစ်ပြီး ဖခင်ဖြစ်သူမှာ Sakid Akram ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အမည်တပ် ကြေညာခဲ့သည်။

ယမန်နေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းတွင် ၎င်းတို့ သားအဖ၏ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

ဖခင်ဖြစ်သူ တရားဝင်ပိုင်ဆိုင်ထားသည့် သေနတ်ခြောက်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက ယနေ့ တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအပြီးတွင် လူ ၄၀ ဦးမှာ ဆေးရုံ၌ ဆက်လက်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ရဲအရာရှိနှစ်ဦးမှာ စိုးရိမ်ရသော်လည်း အခြေအနေ တည်ငြိမ်မှုရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရသူများ၏ အသက်အရွယ်သည် ၁၀ နှစ်မှ ၈၇ နှစ်အကြား ရှိကြောင်း သိရသည်။

တနင်္ဂနွေနေ့က ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး လူရာပေါင်းများစွာကို သဲသောင်ပြင်တစ်လျှောက်၊ အနီးရှိ လမ်းများနှင့် ပန်းခြံများဆီသို့ ပြန့်ကြဲထွက်ပြေးခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

ကမ်းခြေအနီးရှိ ပန်းခြံငယ်တစ်ခုတွင် ကျင်းပသော အဆိုပါ ဂျူးဘာသာရေးပွဲတော်ကို လူ တစ်ထောင် ခန့် တက်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း လက်နက်ကိုင်ထားသူတစ်ဦးကို လမ်းသွားလမ်းလာတစ်ဦးက ဝင်လုံးကာ သေနတ်လုယုခဲ့ပြီး ယင်းလုပ်ရပ်ကြောင့် အသက်များစွာကို ကယ်တင်နိုင်ခဲ့သဖြင့် သူရဲကောင်းအဖြစ် ချီးကျူးခံရသည်။

အသက် ၄၃ နှစ်အရွယ်ရှိ အဆိုပါ လမ်းသွားလမ်းလာ အမျိုးသားမှာ Ahmed al Ahmed အမည်ရှိသူဖြစ်ပြီး အသီးအရွက်ဆိုင်ပိုင်ရှင် ဖြစ်ကြောင်းChannel Seven သတင်းဌာနက ဖော်ပြသည်။

၎င်းအမျိုးသားသည် သေနတ်ဒဏ်ရာနှစ်ချက်ရကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

အဆိုပါ အမျိုးသားအတွက် အလှူငွေကောက်ခံပေးသည့် အွန်လိုင်းစာမျက်နှာတစ်ခုတွင် ယနေ့ တနင်္လာနေ့ နံနက်ပိုင်းအထိ သြစတြေးလျဒေါ်လာ ၂၀၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၃၃,၀၀၀) ရရှိခဲ့ပြီးဖြစ်‌သည်။