လောင်လုံးမြို့နယ်၊ ကမြောကြီးကျေးရွာအုပ်စု၊ ကဘူကျေးရွာတွင် ဆီပေပါများတင်လာသည့်ကား ယနေ့နံနက်က မီးလောင်သွားကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းထံမှ သိရသည်။
ပလတ်စတစ်ဆီပေပါ ၁၀ လုံး တင်ဆောင်ထားသည့် ဒိုင်နာကားမှာ ကဘူကျေးရွာ၊ ပုစွန်အအေးခန်း စက်ရုံဟောင်းအနီး လမ်းမပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၁၅) နံနက် ၁၀ နာရီခွဲအချိန်ဝန်းကျင်ခန့်တွင် စတင်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ် အဖွဲ့တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။
“မနှစ်က လောင်တဲ့ အအေးခန်းစက်ရုံဟောင်းနားက ကားလမ်းမမှာပဲ လောင်တယ်။ ကားပေါ်မှာ ဆီပေပါ ၁၀ လုံးတင်ထားတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။
မီးလောင်သည့်အကြောင်းအရင်းကိုမူ အသေးစိတ်သိရှိရခြင်း မရှိသေးပေ။
အဆိုပါမီးလောင်မှုကြောင့် ခြောက်ဘီးတပ် ဒိုင်နာယာဉ်တစ်စီးလုံး မီးလောက်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရရှိမှုမရှိကြောင်း သိရသည်။






မီးလောင်မှုကို တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့၊ တနင်္သာရီတိုင်းအ ရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဥ်အသင်း၊ ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးးအသင်း၊ ထားဝယ်မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ ၊ပီတိအပြုံး သွေးလှုရှင်အဖွဲ့များနှင့်ဒေသခံပြည်သူများပူးပေါင်းကာ တစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း၊ ယနေ့နံနက် ၁၁ နာရီကျော်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း အထက်ပါအဖွဲ့များထံမှသိရသည်။
ပြီးခဲ့သည်နှစ်မတ်လ ကလည်း ယခုမီးလောင်မှုဖြစ်သည့် နေရာအနီးတွင်ရှိသော ပုစွန်အအေးခန်းစက်ရုံဟောင်း မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။







