ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် အရပ်သားနှစ်ဦး မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် အသက် ၆၀ နှစ်ခန့်ရှိ စိတ်ကျန်းမာရေး မကောင်းသည့်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
“သားသမီးက ထိုင်းမှာ၊ သူတစ်ယောက်တည်းပဲ ဆင်းထိုးကြီးမှာနေတယ်၊ KNLA တပ်တွေက မနေဖို့မောင်းထုတ်လဲ သူမသွားဘူး၊ မနေ့ကတော့ ကွမ်းသီး ကွမ်းရွက်ရှာစားရင်း ထိတာထင်တယ်၊ လက်မှာ ဒဏ်ရာရထားတယ်၊ မနေ့က ပလောက်ဆေးရုံကို ယူသွားတယ်၊ ဆရာဝန်ကတော့ လက်မဖြတ်ရဘူးလို့ပြောတယ်၊ ဒီနေ့မနက် ထားဝယ်ဆေးရုံကြီးကိုပို့လိုက်ပြီ” ဟု အထက်ပါ ဒေသခံက ဆိုသည်။
ဒီဇင်ဘာလ ၅ ရက်ကလည်း ဆင်ထိုးကြီးရွာတွင် ကွမ်းသီးခြံသို့လာသည့် ဘုရင့်တောင်ရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
အဆိုပါ အမျိုးသားမှာ အသက် ၂၇ နှစ်ခန့်အရွယ်ရှိပြီး မွန်းလွဲ ၁ နာရီခန့်တွင် အဖော်မပါဘဲ တစ်ဦးတည်း ဥယျာဉ်ခြံထဲသွားစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မိုင်းနင်းမိသောကြောင့် ဒူးခေါင်းနားအထိ ခြေထောက်ပြတ်သွားပြီး လက်သန်းကြွယ်တစ်ချောင်းလည်းပြတ်တောက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်
လိုက်လံရှာဖွေချိန် တောထဲတွင် သွေးထွက်လွန်နေခဲ့ပြီဖြစ်ကြောင်း အထက်ပါ ဆင်ထိုးကြီးရွာ ဒေသခံက ပြောဆိုသည်။
“ညနေ ၅ နာရီလောက်မှာ သူတို့အိမ်သားတွေက လိုက်ရှာတော့မှ မိုင်းနင်းမိတဲ့ဒဏ်ရာနဲ့ လဲနေတာတွေ့တယ်၊ သူ့ကိုခေါ်တော့ ဝူးဝူးဝါးဝါးနဲ့ပြန်ထူးသေးတယ်၊ သတိမရချင်တော့ဘူး၊ သွေးထွက်လွန်နေတော့ တကိုယ်လုံးဖြူဖတ်နေပြီ နှလုံးလည်း သိပ်မခုန်တော့ဘူး၊ သူ့အကိုက သူ့ရင်ဘတ်နဲ့ ကပ်ပြီး လှုပ်နှိုးတော့ နှလုံးပြန်မခုန်လာတော့ဘဲ သေသွားတာပဲ၊ လူလာတဲ့အထိစောင့်နေတဲ့ပုံပဲ” ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ဆင်ထိုးကြီးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃)က တပ်ဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။
KNLA တပ်ခွဲ(၃)က တပ်ဖွဲ့ဝင်တစ်ဦးကလည်း ယင်းကိစ္စမှန်ကန်ကြောင်း ပြောဆိုသည်။
ဆင်ထိုးကြီးရွာတွင် မြေမြှုပ်မိုင်းများရှိသဖြင့် မသွားလာကြရန် KNLA တပ်ခွဲ(၃)က အစည်းအဝေးခေါ်ယူပြီး ပြောဆိုသတိပေးထားကြောင်း ဒေသခံများထံမှ သိရသည်။







