ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေရာ စစ်အာဏာရှင်တပ်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ပြီး လေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) တွင် တနင်္သာရီ- ဘုတ်ပြင်းသွား ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်နှင့် သဲဖြူရွာဝန်းကျင်တွင် ယနေ့ တစ်ရက်လုံးတိုက်ပွဲ ပြင်းထန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။
သိန်ခွန်းရွာနှင့် သဲဖြူရွာက ၁၁ မိုင်ခန့်ကွာဝေးပြီး တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့သွားရာ လမ်းပေါ်တွင်တည်ရှိသည်။
တိုက်ပွဲပြင်းထန်နေချိန် နံနက် ၉ နာရီခွဲခန့်တွင် မြိတ်လေတပ်စခန်းမှ ပျံတက်လာသည့် Y12 လေယာဉ်နှစ်စီးနှင့် Mi-17 ရဟတ်ယာဥ် သုံးစီးဖြင့် သဲဖြူရွာဝန်းကျင်နှင့် သိန်ခွန်းရွာဝန်းကျင်ကို ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ယင်းအပြင် နံနက် ၁၀နာရီခန့်တွင် ရဟတ်ယာဥ် သုံးစီး၊ နေ့လယ် ၁၂နာရီခန့်တွင် ရဟတ်ယာဥ် သုံးစီး၊ ဂျက်တိုက်လေယာဉ် တစ်စီး၊ မွန်းလွဲ ၁နာရီ၄၀မိနစ်တွင် ရဟတ်ယာဥ် သုံးစီး၊ ဂျက်တိုက်လေယာဉ် တစ်စီးနှင့် ညနေ ၄နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ် တစ်စီး တို့ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းက ပြောဆိုသည်။
“လေယာဥ်က ဆက်တိုက်တက်နေတယ်။ တော်လှန်ရေးကာလတစ်လျှောက်မှာ တစ်ရက်တည်းနဲ့ လေယာဥ်တက်တာ ပထမဆုံး မြင်ဖူးတယ်။ ခေါင်းပေါ်ကနေ တဝီဝီကိုဖြတ်နေတယ်။ မြို့သိမ်းထားလို့ ထင်တယ်” ဟု အထက်ပါ နီးစပ်သူ ပြောသည်။
ယင်းအပြင် Y-12 လေယာဉ်များပေါ် လိုက်ပါလာသည့် စစ်အာဏာရှင်တပ်သားများက သဲဖြူရွာဝန်းကျင်ကို လေထီးဖြင့် ဆင်းသက်လာပြီး Mi17ရဟတ်ယာဥ်များက သဲဖြူကျေးရွာဝန်းကျင်တွင် ဆင်းသက်ကာ စစ်အာဏာရှင်တပ်သားကို လာရောက် ပို့ဆောင်သွားကြောင်း မျက်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည်။
ရဟတ်ယာဉ်တစ်စီးလျှင် စစ်အာဏာရှင်တပ်သား ၃၀ ခန့် စီးနင်းလိုက်ပါလာကြောင်း ၎င်းက ပြောဆိုသည်။
တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည့် မောတောင်မြို့မှာ တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းမှ ၄၇ မိုင်အကွာတွင်တည်ရှိပြီး အရှေ့ဘက်သို့ လမ်းခွဲအတိုင်း ဝင်သွားရသည်။
အဆိုပါလမ်းပိုင်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှစကာ အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးခဲ့သည်။
သို့ရာတွင် တော်လှန်ရေးတပ်များ၏ ခုခံမှုကြောင့် ပြည်ထောင်စုလမ်းမှ ၆ မိုင်ခန့်အကွာရှိ သိန်ခွန်းရွာဝန်းကျင်မှာပင် ရပ်တန့်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေခဲ့သည်။
မြို့သိမ်းတိုက်ပွဲဖြစ်နေချိန် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်ကူသွားမည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် သိန်ခွန်းရွာအနီးတွင် တိုက်ခိုက်ခံရပြီး အထိနာကာ ပြန်ဆုတ်သွားခဲ့သည်။
ထို့အပြင် ပြည်ထောင်စုလမ်းဘက်မှ မောတောင်မြို့သို့သွားမည့် တောလမ်းများကိုလည်း တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည့်အတွက် သိန်ခွန်းရွာကိုကျော်ကာ သဲဖြူရွာသို့ လေကြောင်းက စစ်ကူပို့ခြင်းဖြစ်သည်။
“အချို့က လေထီးနဲ့ ဆင်းနေကြတယ်။မြေပြင်မှာ ရဟတ်ယာဉ်နားပြီး ဆင်းတဲ့ သူတွေက ပိုများတယ်။အင်အား ၁၀၀ကျော် လောက်ဖြစ်ပြီ လာချနေတာ။ အခုလည်း (ည ၆နာရီခွဲ) လေယာဥ်က ဆက်တက်နေဆဲ” ဟု အထက်ပါ ဒေသခံက ပြောသည်။
ထို့အပြင် သိန်းခွန်းရွာမှ မောတောင်မြို့အထိ သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာ ဝန်းကျင်ကို စစ်အာဏာရှင် တပ်က လေကြောင်းဖြင့်ဆက်တိုက်ဗုံးကြဲနေကြောင်း ဒေသခံများထံမှ သိရသည်။






