BREAKING
November 15, 2025

BBC ကို ဒေါ်လာ ၅ ဘီလီယံအထိ တရားစွဲမည်ဟု ထရမ့်ပြော

November 15, 2025

အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံအကြားအထိ နစ်နာကြေးပေးဆောင်ရန် BBC အား တရားစွဲဆိုမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၁၄ ရက်က ပြောကြားသည်။

ထရမ့်၏ မိန့်ခွန်းကို မှားယွင်းစွာ တည်းဖြတ်ခဲ့မှုအတွက် ၎င်းတို့အနေဖြင့် တောင်းပန်သော်လည်း နစ်နာကြေးပေးဆောင်မည်မဟုတ်ဟု BBC ဘက်က ပြောဆိုခဲ့ပြီးနောက်တွင် သမ္မတထရမ့်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သူတို့ (BBC) ကို ဒေါ်လာ ဘီလီယံ ၁ ဘီလီယံနဲ့ ၅ ဘီလီယံအကြားအထိ တရားစွဲမှာပါ။ နောက်အပတ်လောက်မှာ တရားစွဲမှာပါ။ ဒါကို လုပ်မှရမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ လိမ်လည်ခဲ့တယ်ဆိုတာကိုတောင် သူတို့ ဝန်ခံထားပြီးသားပါ” ဟု သမ္မတထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

BBC ဘက်က သမ္မတထရမ့်အပေါ် အသရေဖျက်မှု ကျူးလွန်ကြောင်း စွပ်စွဲသည့် စာတစ်စောင်ကို ထရမ့်၏ ရှေ့နေများက BBC သို့ တနင်္လာနေ့က ပေးပို့ခဲ့သည်။

ယခုအပတ် သောကြာနေ့ နောက်ဆုံးထား၍ BBC ဘက်က တောင်းပန်ရန်နှင့် နစ်နာကြေး ပေးဆောင်ရန် ထရမ့်၏ ရှေ့နေများက တောင်းဆိုထားသည်။

“ဗြိတိန်ပြည်သူတွေဟာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အင်မတန် ဒေါသထွက်နေကြပါတယ်။ ဒီကိစ္စကြောင့် ဘီဘီစီသတင်းတွေဟာ သတင်းအတုတွေပဲဆိုတာကို ဖော်ပြသလို ဖြစ်နေတာကြောင့်ဆိုတာကို ခင်ဗျားတို့ တွေးကြည့်နိုင်ပါတယ်” ဟု သမ္မတထရမ့်က သောကြာနေ့ ညပိုင်းတွင် ထပ်မံပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းကို တည်းဖြတ်၍ ပြသခဲ့သော Panorama ၏ အစီအစဥ်တစ်ခုသည် ကြည့်ရှုသူများကို အထင်အမြင်လွဲမှားစေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဘီဘီစီသတင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် Tim Davie နှင့် သတင်းခန်းအကြီးအကဲဖြစ်သူ Deborah Turness တို့ မကြာသေးမီက ရာထူးမှ နုတ်ထွက်လိုက်သည်။

Panorama အစီအစဉ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မိန့်ခွန်းအပိုင်းနှစ်ပိုင်းကို ပေါင်းစပ်တည်းဖြတ်ခဲ့ထားသည်။

ယင်းကြောင့် ထရမ့်အနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်လွှတ်တော်အဆောက်အအုံသို့ ဝင်ရောက်စီးနင်းရန် သိသာထင်ရှားစွာ လှုံ့ဆော်ခဲ့ပုံ ပေါက်စေခဲ့ကြောင်း The Telegraph သတင်းတစ်ရပ်က နိုဝင်ဘာလ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

Source: AFP/zl