ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းက တော်လှန်ရေးပူးပေါင်းတပ်များ၏ ပထမဆုံးမြို့သိမ်းတိုက်ပွဲ ဘယ်လောက်အရေးပါသလဲ

November 15, 2025

တော်လှန်ရေးတပ်များက တနင်္သာရီတိုင်းအတွင်း ပထမဆုံးမြို့သိမ်းတိုက်ပွဲအဖြစ် မောတောင်နယ်စပ်မြို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့ကိုစတင်တိုက်ခိုက်ပြီး လေးရက်အကြာတွင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

မောတောင်မြို့နှင့်အနီးဝန်းကျင်တွင် အမှတ် ၂၂၄ ခြေလျင်တပ်ရင်းအထိုင်စခန်းတစ်ခု ၊ အမြောက်ကုန်းတစ်ခု၊ ရဲစခန်း ၁ ခုနှင့် စစ်ဆေးရေးဂိတ်နှစ်ခုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ထံမှသိရသည်။

မောတောင်မြို့အဝင်ရှိစစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး လေးရက်မြောက်နေ့တွင် မြို့ကိုသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

မောတောင်မြို့ရဲ့ ပထဝီဝင်

မောတောင်မြို့မှာ ထိုင်းနိုင်ငံ ပရာကျွတ်ခရီခမ်ခရိုင် ဆင်ခွန်းနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထိစပ်နေသည့် နယ်စပ်မြို့ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အာဏာမသိမ်းမီက မြိတ်မြို့မှ ရေထွက်ကုန်ပစ္စည်းများနှင့် သစ်တောထွက်ပစ္စည်းများ၊ ကြက်သွန်နီအပါအဝင် အခြားပစ္စည်းများကို ထိုင်းနိုင်ငံသို့တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်ခဲ့သည်။

စစ်အာဏာရှင်တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် ရဲစခန်းရှိသည့် မောတောင်မြို့ကို ၂၀၂၃ ခုနှစ်ကတည်းက တော်လှန်ရေးတပ်များက လမ်းကြောင်းပိတ်ဆို့ထားခြင်းဖြစ်သည်။

မောတောင်မြို့မှာ တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းမှ ၄၇ မိုင်အကွာတွင်တည်ရှိပြီး အရှေ့ဘက်သို့ လမ်းခွဲအတိုင်း ဝင်သွားရသည်။

အဆိုပါလမ်းပိုင်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှစကာ အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးခဲ့သည်။

သို့ရာတွင် တော်လှန်ရေးတပ်များ၏ ခုခံမှုကြောင့် ပြည်ထောင်စုလမ်းမှ ၆ မိုင်ခန့်အကွာရှိ သိန်ခွန်းရွာဝန်းကျင်မှာပင် ရပ်တန့်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တိုက်ပွဲကတွေက သူဘက်လည်း မဆုတ်ဘူး။ကိုယ့်ဘက်လည်း မဆုတ်ဘူး။ခံစစ်မှာက ပုံမှန်ပဲ။ ကိုယ့်ဘက်ကလည်း အားကောင်းကောင်းနဲ့ ခုခံထားဆဲပါ။တိုက်ပွဲကြီးငယ်က နေ့တိုင်းနီးပါးဖြစ်နေတယ်”ဟု သိန်ခွန်းရွာဝန်းကျင်တွင် ဖြစ်နေသည့်အခြေအနေကို ၎င်းက ရှင်းပြသည်။

မောတောင်မြို့က တိုက်ပွဲခေါ်သံ

မောတောင်မြို့သွားလမ်းများကို တော်လှန်ရေးတပ်များက ၃နှစ်ဝန်းကျင်အကြာ ဖြတ်တောက်ပိတ်ဆို့ထားရာက နိုဝင်ဘာလ ၁ရက်နေ့ကစကာ စစ်ရိပ်စစ်ငွေ့သမ်းလာသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် မောတောင်မြို့အဝင်ရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို ရုတ်တရက်ပိတ်ချလိုက် သည်။

ထိုသို့ ပိတ်လိုက်ချိန်မှစကာ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ကာ မြို့ခံပြည်သူအချို့နှင့် အနီးဝန်းကျင်ရှိ အမှတ် (၁) ရွာ၊ အမှတ် (၂) ရွာ၊ အမှတ် (၃) ရွာ အပါအဝင် ကျေးရွာ ၁၀ ရွာက ‌ဒေသခံအများစုလည်း တိမ်းရှောင်သွားကြသည်။

ထိုအချိန်ကတည်းက တော်လှန်ရေးတပ်များ မြို့သိမ်းတိုက်ပွဲဆင်နွှဲမည့်သတင်းကို စစ်အာဏာရှင်တပ်က ရခဲ့ဟန်ရှိသော်လည်း စစ်ကူပို့နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။

မောတောင်မြို့သို့သွားသည့် ကားလမ်းမတစ်လျှောက်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည့်အပြင် တောလမ်းများမှသွားနိုင်သည့်နေရာများကိုလည်း တော်လှန်ရေးတပ်များကပင် ထိန်းချုပ်ထားသည်။

ထိုနောက် နိုဝင်ဘာလ ၁၀ရက်ည ၁၁ နာရီဝန်းကျင်တွင် မောတောင်မြို့ရှိ စစ်အာဏာရှင်တပ်စခန်းက စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တောင်တန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်နာရီကျော်အကြာ ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်ပြီးနောက် မြို့အတွင်းကျန်ခဲ့သည့် မြို့ခံအချို့ ထိုင်းနိုင်ငံ နယ်ခြားမျဉ်းဘက်ကို ထပ်မံထွက်ပြေးကြ ပြန်သည်။

နိုဝင်ဘာလ ၁၁ ရက် နံနက်တွင် တိမ်းရှောင်နေသည့်ပြည်သူအချို့က မြို့တွင်းရှိ နေအိမ်များသို့ ပြန်သွားကြသည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် မောတောင်မြို့အဝင်ရှိ စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

“စပြီးဝန်းရံ ပိတ်ဆို့တာတော့ ၁၁ရက်နေ့ ပိတ်တယ်။အဲရက်ကနေ တောက်လျှောက် ၁၄ ရက်နေ့မှာ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်သွားတယ်။ တပ်စခန်းအသီးသီးကို တပ်တွေ(တော်လှန်ရေးတပ်)က ဝိုင်းပြီးတိုက်ခိုက်ခဲ့တယ်”ဟု ထီးဆယ်မယ်တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ထိုသို့ တိုက်ခိုက်ချိန်တွင် မောတောင်မြို့ ဘုရားကုန်းရှိ စစ်အာဏာရှင်တပ်အမြောက်ကုန်းက လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။

မြို့သိမ်းနိုင်ရန် စတင်တိုက်ခိုက်သည့် နိုဝင်ဘာလ ၁၁ ရက်နေ့မှစကာ စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူအလျှံပယ်သုံးကာ မြို့မကျရန် ခုခံတိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာလ ၁၂ ရက်မှ ၁၄ရက်နေ့အထိ စစ်အာဏာရှင်တပ်၏ တိုက်လေယာဉ်နှင့် Y12 လေယာဉ်ဖြင့် မောတောင်မြို့ကို နေ့ရာညပါ ဗုံးကြဲတိုက်ခိုက်ရာ ၄ ရက်အတွင်း ဗုံးအလုံးရေ ရာချီကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်မျာနှင့် ဒေသခံအချို့က ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့အတွင်း ပိတ်မိနေသည့် ပြည်သူအချို့ ရှိပြီး အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ဒဏ်ရာရသွားသည်။

အညံ့ခံသူနှင့် ထွက်ပြေးကြသူ

မောတောင်မြို့ ရဲစခန်းကို နိုဝင်ဘာလ ၁၂ ရက်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို အခြားအရေးပါသည့် နေရာများကိုလည်း သိမ်းပိုက်ခဲ့ပြီး စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄ ဦး တော်လှန်ရေးတပ်များထံ ဘက်ပြောင်းခိုလှုံလာသည်။

ထို့အပြင် မောတောင်မြို့ကိုဝိုင်းထားပြီး တိုက်ပွဲပြင်းထန်နေချိန် နိုဝင်ဘာလ ၁၃ ရက်နေ့တွင်
စစ်အာဏာရှင်တပ်သား ၂၇ ဦး လက်နက်နှင့်အတူ အညံ့ခံခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်နေသည့် ရဲဘော်တစ်ဦးက ပြောသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေချိန် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းမှစစ်အာဏာရှင်တပ်သားများကို စစ်ကူပို့ရာ မောတောင်မြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ သိန်ခွန်းရွာတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ရာ အထိနာသွားသဖြင့် စစ်ကူမပို့နိုင်တော့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နံနက်တွင်မူ စစ်အာဏာရှင်တပ်သား၊ ရဲနှင့် ပျူစောထီး ၅၀ ခန့်သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည်။

အဆိုပါနေ့ နံနက်တွင် မောတောင်မြို့ရှိ စစ်အာဏာရှင်တပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီး စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးရဲဘော်စတားက ပြောသည်။

စစ်အာဏာရှင်တပ်သားများထိခိုက်သေဆုံးမှု၊ စစ်လက်နက်ပစ္စည်းသိမ်းဆည်းရရှိမှုနှင့် သုံ့ပန်းများဖမ်းဆီးရရှိမှုကို အသေးစိတ်ထုတ်ပြန်ရန်ရှိကြောင်း ၎င်းက ဆိုသည်။

“ရန်သူဖက် ထိခိုက်သေဆုံးမှုရှိ၊ အသေးစိတ်ပြောမရသေးဘူး”ဟု ရဲဘော်စတားက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေနှင့် စစ်လက်နက်ပစ္စည်းသိမ်းဆည်းရရှိမှုအခြေအနေ အသေးစိတ်ကို နိုဝင်ဘာလ ၁၄ ရက် ညနေအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

မောတောင်မြို့သိမ်းတိုက်ပွဲတွင် မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) လည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရမိပြီး ၁၂၀ မမ လက်နက်ကြီး ၂လက်၊ လက်နက်ကြီးကျည် ၁၈၇ လုံး၊ ၆၀ မမ လက်နက်ကြီး ၃ လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁ လက်၊လက်နက်ငယ် ၃၆ လက်နှင့် အခြားစစ်သုံးပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း BPLA က ထုတ်ပြန်သည်။

အဆိုပါမြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)၊ PDF၊ NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Force for Federal Democracy(FFD)၊ကော်သူးလေတပ်မတော်(KTLA) စသည့်တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေးတပ်များက မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်သဖြင့် တနင်္သာရီတိုင်းအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုကို စစ်အာဏာရှင်တပ်က လက်လွှတ်လိုက်ရပြီဖြစ်သည်။

၂၀၂၅ ခုနှစ် မေလ ၉ ရက်နေ့တွင် ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ်စခန်းကို KNU ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထီးခီးစခန်းသိမ်းတိုက်ပွဲတွင်လည်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ပါဝင်ကြောင်း သိရသည်။

ထီးခီးနယ်စပ်စခန်းကို သိမ်းပိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင်ရှိ စစ်အာဏာရှင်တပ်နယ်စပ် စခန်းများကို တောက်လျှောက်သိမ်းပိုက်ခဲ့ရာ လက်ရှိတွင် နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်တော့သည်။

မောတောင်မြို့က ဘယ်လောက်အထိ အရေးပါလဲ

မောတောင်မြို့ရှိသည့် တနင်္သာရီမြို့နယ်မှာ တော်လှန်ရေးတပ်များအားကောင်းပြီး နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ထိုကြောင့်လည်း စစ်အာဏာရှင်တပ်သည် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုက စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းတင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့သည်။

မောတောင်မြို့မှာ ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့်အတွက် တော်လှန်ရေးတပ်များအတွက် နယ်စပ်ထွက်ပေါက်ရသွားပြီး စားနပ်ရိက္ခာလိုအပ်ချက်ပို ဖြည့်ဆည်းနိုင်မည့် အနေအထားဖြစ်သည်။

ယင်းအပြင် ထိုင်းနိုင်ငံ ပရာကျွတ်-ဘန်ကောက် အဝေးပြေးလမ်းမကြီးမှ ၁၁ မိုင်ခန့်သာ ဝေးကွာသည်။

ယင်းအပြင် တနင်္သာရီမြို့နယ်အတွင်း ထွက်ရှိသည့် ခဲသတ္တုအများစုကို မောတောင်လမ်းအတိုင်း ထိုင်းနိုင်ငံသို့ တင်ပို့နေကြသည်။

ထိုကြောင့် မောတောင်မြို့ကို ရေရှည်ထိန်းချုပ်စိုးမိုးထားနိုင်မည်ဆိုပါက တနင်္သာရီမြို့နယ်နေ ပြည်သူများ၏ စားနပ်ရိက္ခာကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် အခြားအကျိုးများလည်း ရရှိမည့်အနေအထားဖြစ်သည့်အတွက် တော်လှန်ရေးအတွက် မဟာဗျူဟာကျသည့်နေရာလည်းဖြစ်သည်။