BREAKING
October 18, 2025

တနင်္သာရီ ဘန်းလမွတ်ရွာကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ

October 15, 2025

ပုံစာ - ဘန်းလမွတ်ရွာ လမ်းဆုံအနီးတစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးကြီးနှစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများနှင့် မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ အမြောက်တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးနှစ်လုံးပစ်ခတ်ရာ ဘန်းဘမွတ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်အတွင်းရှိသူ ၃ ဦးဒဏ်ရာရသွားကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦး၏ လက်တွင် လက်နက်ကြီး အစထိမှန်ဒဏ်ရာရသွားပြီး ဒဏ်ရာပြင်းထန်သဖြင့် တနင်္သာရီမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောသည်။

“လက်နက်ကြီးက အိမ်နှစ်အိမ်ကြားမှာကျတယ်။ နှစ်အိမ်မှာ သုံးယောက်ထိသွားတယ်။အဘွားအိုနဲ့ ကလေးတစ်ယောက်ထိတယ်။ နောက်တစ်အိမ်မှာက မိန်းမကြီး တစ်ယောက်ထိတယ်”ဟု အထက်ပါ နီးစပ်သူက ‌ဆိုသည်။

အသက် ၅ နှစ်ဝန်းကျင်အရွယ်ကလေးတွင် ပွန်းပဲ့ဒဏ်ရာရသွားပြီး အသက် ၅၀ နှစ်ဝန်းကျင်အရွယ် အမျိုးသမီး၏ ခါးတွင်လည်း ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့နှစ်ဦးက ဒဏ်ရာမစိုးရိမ်ရဘူး။လက်နက်ကြီးက နှစ်လုံးပစ်လိုက်တယ်။တစ်လုံးက အိမ်နားကျပြီး တစ်လုံးက အခြားနေရာမှာကျတယ်။ အခုလက်ရှိထိသူတွေက ပြည်ထောင်စုလမ်းမကြီးနဲ့ ခပ်လှမ်းလှမ်းမှာ နေနေကြတဲ့ သူတွေ ထိသွားတယ်”ဟု အထက်ပါဒေသခံက ဆိုသည်။

ဘန်းလမွတ်ကျေးရွာတွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် နေထိုင်သည့် ပြည်သူများသာ စစ်ဘေးရှောင်နေကြပြီး လမ်းမကြီးနှင့် ဝေးကွာသည့်နေရာရှိ ပြည်သူများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အချိန်တွင် ပုံမှန်အတိုင်း နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။