BREAKING
October 17, 2025

ထားဝယ်မြို့ပေါ်တွင် သုံးရက်အတွင်းအမျိုးသားနှစ်ဦး သ-တ်သေ

October 15, 2025

ထားဝယ်မြို့ပေါ်တွင် သုံးရက်အတွင်းအမျိုးသား နှစ်ဦးအထိကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့ထံမှသိရသည်။

ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ရပ်တော်မူဘုရားအနောက်လမ်းတွင် အောက်တိုဘာလ ၁၅ ရက် ယနေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး နေအိမ် ရေချိုးခန်းအတွင်း ကိုယ့်ကိုယ်ကို ကြိုဆွဲချသတ်သေခဲ့ကြောင်း မြို့ခံများထံမှသိရှိရသည်။

သေဆုံးသူမှာအသက် ၇၀ ဝန်းကျင်အရွယ်ရှိ ဦးတင်စိန်ဆိုသူဖြစ်ပြီး ယနေ့ နံနက်ပိုင်းက ဇနီးဖြစ်သူကို ဆန်ပြုတ် သွားဝယ်ခိုင်းရာမှ ဇနီးဖြစ်သူပြန်လာချိန်တွင် ၎င်း၏နေအိမ်၌ ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်သည်ဟု မြို့ခံကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ ညကလည်း ထားဝယ်မြို့ ညောင်းရမ်းတောင်ရပ်ကွက်ရှိ ဘုန်းကြီး ကျောင်း တစ်ကျောင်း၌ ကျောင်းဆောင် နှစ်ဆောင်ကူးသည့် စင်္ကြန်လမ်းပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသတ်သေခဲ့ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရသိရှိရသည်။

ခုန်ချသတ်သေခဲ့သူအမျိုးသားမှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်း ဇာတိဖြစ်သူ အသက်၃၀ ကျော်အရွယ်ရှိ ကိုအောင်ကျော်ထွန်းဆိုသူဖြစ်ပြီး ထားဝယ်မြို့တွင် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ရန် လာရောက်နေထိုင်သူဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသည့် မြို့ခံအမျိုးသားတစ်ဦးကပြောသည်။

“သူက ပြီးခဲ့တဲ့ သုံးရက်လောက်က အရက်ကြောင်သလို ပျောက်သွားလို့ သူအလုပ်ရှင်က ပြန်လိုက်ရှာပြီး ဘုန်းကြီးဝတ်ချင်တယ်ပြောလို့ ဘုန်းကြီးကျောင်းမှာ သွားထားထားတယ်လို့သိရတယ်။ ည ၈ နာရီ ၄၀ လောက် ခုန်ချသတ်သေသွားတာ”ဟု ယင်းအမျိုးသားကပြောသည်။

ကိုအောင်ကျော်ထွန်းမှာ ကျောင်းပေါ်မှ ခုန်ချခဲ့သည့် ဒဏ်ရာကြောင့် ဦးခေါင်းခွံကွဲအက်ပြီး ယင်းနေ့ညသန်းခေါ င်အချိန်တွင် ထားဝယ်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူအမျိုးသားနှစ်ဦးစလုံးကိုထားဝယ်မြို့အခြေစိုက် တနင်္သာရီတိုင်းဒေသကြီး အရေးပေါ်ကယ် ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့က ထားဝယ်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူထံမှသိရသည်။

ကိုအောင်ကျော်ထွန်း၏ ရုပ်အလောင်းကိုမူ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထားဝယ်မြို့ ဇဟာကျေးရွာရှိ ဘာသာပေါင်းစုံသုဿာန်၌ သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။