မြန်မာနိုင်ငံရှိ မတည်ငြိမ်မှုများကြောင့် ကြန့်ကြာနေသော အိန္ဒိယ-မြန်မာ-ထိုင်း (IMT) သုံးနိုင်ငံဆက်အမြန်လမ်းမကြီးကိုလာမည့် နှစ်နှစ်မှ သုံးနှစ်အတွင်း အပြီးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယနိုင်ငံ ၊ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) က ပြောကြားလိုက်သည်။
မကြာသေးမီက အရှေ့တောင်အာရှ သတင်းထောက်အဖွဲ့တစ်ဖွဲ့၏ အိန္ဒိယသို့ လေ့လာရေးခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ၊ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) က အိန္ဒိယအရှေ့မြောက်ပိုင်းရှိ ၎င်းတို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများကို ပြသခဲ့ကာ ဒေသတွင်း ချိတ်ဆက်မှုကို မြှင့်တင်ရန် အိန္ဒိယအစိုးရ၏ ကတိကဝတ်ကို အလေးပေးဖော်ပြခဲ့သည်။
ယင်းသို့ တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံ ၊ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) ၏ အတွင်းဝန် မစ္စတာချန်ချယ်လ်ကူးမားက မြန်မာနိုင်ငံရှိ နိုင်ငံရေး မတည်မငြိမ်မှုများကြောင့် ကြန့်ကြာနေသော IMT လမ်းမကြီးဖောက်လုပ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို ဖြေကြားခဲ့သည်။
“သုံးနိုင်ငံဆက် လမ်းမကြီးကို နှစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ ပြီးစီးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ချစ်ကြည်ရေး လမ်းမကြီး (Friendship Highway) ဟုလည်း လူသိများသည့် အိန္ဒိယ-မြန်မာ-ထိုင်း IMT လမ်းမကြီးသည် မြန်မာနိုင်ငံကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်ရှိ မိုရေးမြို့မှ ထိုင်းနိုင်ငံ တက်ခ် ပြည်နယ်ရှိ မဲဆောက်မြို့သို့ ဆက်သွယ်ထားသည့် ၁,၃၆၀ ကီလိုမီတာ ရှည်လျားသော လေးလမ်းသွား လမ်းမကြီးဖြစ်သည်။
အဆိုပါ စီမံကိန်းသည် အိန္ဒိယ၏ “အရှေ့မျှော်” (Act East) မူဝါဒ၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ ကုန်သွယ်မှုနှင့် ဆက်သွယ်ရေးကို ခိုင်မာအားကောင်းစေရန် ရည်ရွယ်သည့် စီမံကိန်းတစ်ခု ဖြစ်သည်။
Source: Bangkok Post