BREAKING
October 17, 2025

ရေဖြူ ရလိုင်ရွာကို စစ်အာဏာရှင်တပ် သေနတ်ပစ်ခတ်ဝင်လာ၍ ရွာသားများထွက်ပြေး

October 15, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ရလိုင်ကျေးရွာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်းက အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းတွင် သေနတ်ပစ်ခတ်ဝင်ရောက်လာသောကြောင့် ရွာသူရွာသားများ ကြောက်လန့်ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၁၄ ရက် နံနက်စောစောပိုင်းတွင် မူးဒူးရွာမှ ထွက်ခွာပြီး မွန်းလွဲပိုင်းတွင် ရလိုင်ရွာအနီးသို့ စတင်ရောက်ရှိလာခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယင်းနောက် ညနေ ၄နာရီခန့်တွင် ရလိုင်ကျေးရွာအတွင်းသို့ သေနတ်ပစ်ခတ်၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“သူတို့ဝင်လာလို့ဆိုပြီး လူတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် ပစ်တာ၊ ခြောက်ပစ်တယ်လို့ ထင်တာပဲ။ လူတွေ ထိခိုက်တာမျိုးတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

ယင်းစစ်ကြောင်းသည် အင်အား တစ်ရာခန့်ရှိပြီး အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းကစ၍ မူးဒူးကျေးရွာ ဘုန်းကြီးကျောင်း၌ လေးရက်ကြာတပ်စွဲပြီးနောက် ရလိုင်ကျေးရွာသို့ ထွက်ခွာလာခြင်းဖြစ်သည်။

စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁၅ရက် နေ့လယ် ၁၂ နာရီအထိ ရလိုင်ကျေးရွာ ရွာလယ်ပိုင်း လူနေအိမ်များတွင် တပ်စွဲထားခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၈၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည်လည်း အောက်တိုဘာလ ၉ ရက် ညနေပိုင်းတွင် ထားဝယ်မြို့ဘက်သို့ မြေတင်ကားနှစ်စီးဖြင့် ရလိုင်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

ယင်းနောက် ဒေသခံတစ်ဦး၏ ဆိုင်ကယ်တစ်စီးကို အဓမ္မယူဆောင်သွားခဲ့ပြီးနောက် ထားဝယ်ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းတွင် အင်အားဖြည့်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ အောက်တိုဘာလ ဒုတိယပတ်ကစပြီး စစ်ကြောင်း သုံးကြောင်းဖြင့် ရောက်ရှိလာ၍ စစ်ရေးပြင်းထန်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။