ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် အောက်တိုဘာလ ၁၃ရက် နံနက်ပိုင်းက အင်အားတစ်ရာခန့်ပါ စစ်အာဏာရှင် တပ် စစ်ကြောင်းကို ဒူရကစစ်ကြောင်းက တိုက်ခိုက်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ထားဝယ်မြို့နယ်၊ ဇဟာရွာအခြေစိုက် အမှတ် ၃၀၂ အမြောက်တပ်မှ ရေဖြူမြို့ဘက် သို့ ဦးတည်ကာ လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ပြောသည်။
ယင်းစစ်ကြောင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၏ ဒူရကစစ်ကြောင်းက တိုက်ခိုက်ခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်တွင် ရုပ်သံမှတ်တမ်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
ရုပ်သံမှတ်တမ်းတွင် ပြည်ထောင်စုကားလမ်းမပေါ်၌ ခြေလျင်လမ်းလျှောက်နေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးရဲဘော်များက သေနတ်ဖြင့် ပစ်ခတ်နေသည်ကို တွေ့ရသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်အာဏာရှင်တပ်ဘက်က ငါးဦးသေဆုံးကာ ဒူရကစစ်ကြောင်းဘက်က အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်အာဏာရှင်တပ်က ထိခိုက်သေဆုံးသည့်အခြေအနေများနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ခိုက်ခံရပြီးနောက် အောက်တိုဘာလ ၁၄ ရက် နံနက်အစောပိုင်းကစ၍ မောင်မယ်ရှောင်ရွာအတွင်း စစ်အာဏာရှင်တပ်သားများ နေရာလာယူထားကြောင်း ရွာသားများ ဆိုသည်။
“ရွာလမ်းတစ်လျှောက် မနေ့ (အောက်တိုဘာ ၁၄) မနက်စောစောတည်းက စစ်သားတွေ ရောက်နေတယ်။ အရင်နေ့က ပစ်ခံရထားတယ်ဆိုတော့ လာကြတာပေါ့။ ပစ်တဲ့နေ့က သေနတ် (ပစ်သံ) သက်သက်ပဲ ကြားရတယ်။ လက်နက်ကြီးထုတာမျိုးတော့ မရှိဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။
မောင်မယ်ရှောင်ရွာသည် ရေး-ထားဝယ်ကားလမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့နှင့် နီးသည် ရွာကြီးတစ်ရွာဖြစ်သည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများနှင့် စစ်အာဏာရှင်တပ်က နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။