BREAKING
October 18, 2025

သမ္မတ ထွက်ပြေးသွားသည့် မဒါဂတ်စကားတွင် စစ်တပ်က နိုင်ငံ့အာဏာကို ထိန်းချုပ်

October 15, 2025

ပုံစာ - စစ်တပ်က နိုင်ငံ့အာဏာကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယာနီရီနာက ဆန္ဒပြသူများကို အင်္ဂါနေ့တွင် ပြောကြားခဲ့စဉ်။ ဓာတ်ပုံ - Luis TATO / AFP

မဒါဂတ်စကားနိုင်ငံတွင် Gen Z လူငယ်ဆန္ဒပြသူများ ဦးဆောင်သည့် လူထုအုံကြွဆန္ဒပြမှုများကြောင့် သမ္မတဖြစ်သူ နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံ့အာဏာကို စစ်တပ်က ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။

“ကျွန်တော်တို့ အာဏာကို ရယူလိုက်ပါပြီ” ဟု နိုင်ငံအတွင်း အာဏာအရှိဆုံး အထူးတပ်ဖွဲ့ဖြစ်သည့် CAPSAT ၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယာနီရီနာက အစိုးရပိုင်ရေဒီယိုမှတစ်ဆင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။

တနင်္ဂနွေနေ့တွင် နိုင်ငံမှ ထွက်ပြေးသွားခဲ့သည့် သမ္မတ အန်ဒရီ ရာဂျိုလီနာအား ရာထူးမှ ဖယ်ရှားရန် အမျိုးသားညီလာခံက မဲခွဲဆုံးဖြတ်လိုက်ပြီးနောက်တွင် စစ်တပ်က ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

အင်္ဂါနေ့ နံနက်ပိုင်းတွင် သမ္မတရာဂျိုလီနာသည် ၎င်းအား ရာထူးမှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်မှုကို ဟန့်တားနိုင်ရေး အမျိုးသားညီလာခံကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သည်။

စစ်တပ်၊ စစ်ဘက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် နိုင်ငံတော်ရဲတပ်ဖွဲ့တို့မှ အရာရှိများ ပါဝင်သည့် ကော်မတီတစ်ခုက သမ္မတတာဝန်များကို ယာယီထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထိပ်တန်း CAPSAT တပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီး ရန်ဒရီယာနီရီနာက ပြောကြားခဲ့သည်။

“အချိန်တန်လာရင်တော့ အရပ်သားအကြီးတန်း အကြံပေးပုဂ္ဂိုလ်တွေလည်း ပါဝင်လာနိုင်ပါတယ်။ ဒီကော်မတီကပဲ သမ္မတရုံးရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

“တစ်ချိန်တည်းမှာပဲ နောက်ထပ်ရက်အနည်းငယ်ကြာပြီးရင် အရပ်သားအစိုးရကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်တစ်ဦးကိုလည်း လျင်မြန်စွာ ခန့်အပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

စစ်တပ်အနေဖြင့် အစိုးရ ဖွဲ့စည်းပြီး ၂ နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်တပ်က ဆီးနိတ်အထက်လွှတ်တော် ၊ အခြေခံဥပဒေခုံရုံး ၊ ရွေးကောက်ပွဲကော်မရှင်နှင့် အခြားသောနိုင်ငံတော်အင်စတီကျူးရှင်းများ အားလုံးကို ရပ်ဆိုင်းထားပြီး အမျိုးသားညီလာခံဟု ခေါ်သည့် အောက်လွှတ်တော်တစ်ခုတည်းကိုသာ ဆက်လက်လည်ပတ်စေလျက် ရှိသည်။

Source: First Post