ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လန်ဒန်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ဆန္ဒပြ၊ ရဲတပ်ဖွဲ့လည်း တိုက်ခိုက်ခံရ

September 15, 2025

ပုံစာ - စနေနေ့က ဖြစ်ပွားခဲ့သည့် လန်ဒန်မြို့မှ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ မြင်ကွင်းတစ်ခု။ ဓာတ်ပုံ - Guy Smallman/Getty Images

လန်ဒန်မြို့တွင် စနေနေ့က ဖြစ်ပွားခဲ့သည့် ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ရေး လက်ယာစွန်းဆန္ဒပြပွဲများအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲအရာရှိများမှာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခံရကာ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံခဲ့ရကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“Unite the Kingdom” ဟု အမည်ပေးထားသည့် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် အဆိုပါ ဆန္ဒပြပွဲကို လက်ယာစွန်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူ Tommy Robinson က ဦးဆောင်ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၁၀,၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲနှင့် တစ်ပြိုင်နက်တည်းတွင် ယင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ဖြစ်ပွားခဲ့သည်။

နှစ်ဖက်ဆန္ဒပြသူများကြားတွင် လူစုခွဲရန်ကန့်ထားသော အတားအဆီးများရှိပြီး ယင်းသတ်မှတ်ထားသည့်နေရာကို “Unite the Kingdom” ဆန္ဒပြသူများက ချိုးဖောက်ဝင်ရောက်မှုနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Unite the Kingdom ဆန္ဒပြသူများက တန်ပြန်ဆန္ဒပြသူများထံ ရောက်ရှိရန် ရဲတပ်ဖွဲ့အတားအဆီးများကို ဖြတ်ကျော်ရန် ကြိုးစားနေမှုကို ရဲတပ်ဖွဲ့က နေရာတော်တော်များများတွင် ဟန့်တားခဲ့ရပြီး ရဲအရာရှိအချို့ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စနေနေ့က လန်ဒန်မြို့ ဆန္ဒပြပွဲများအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ရဲအရာရှိပေါင်း ၂၆ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပြီး လူပေါင်း ၂၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Source: CNN