ထားဝယ်အရှေ့တောဒေသ ပကာရီရွာတွင် စစ်အာဏာရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂နာရီခွဲတွင် လေယာဉ်နှစ်စင်း လာပြီး ယင်းအနက် တစ်စင်းက ဗုံးကြဲတိုက်ခိုက်ကြောင်း ပခပ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“တစ်စီးက ဗုံးကြဲတယ်။ ပထမတစ်လုံးချတယ်၊ နောက်တစ်လုံးချတယ်၊ နောက်ဆုံးအကြိမ်မှာက ဗုံးမကြဲဘဲ စက်သေနတ်နဲ့ ပတ်ပြီး တစ်ကြောလုံး ပစ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။
ပကာရီရွာ ရက်ကန်းစင်ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိ စစ်အာဏာရှင်တပ်ဖွဲ့ကို ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၄ ရက် ညနေတွင် တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ရက်ကန်းစင်ဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သည့် အသက် ၉၀ ကျော်အရွယ် အဘိုးအိုတစ်ဦး တိုက်ပွဲအတွင်း သေဆုံးနေပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် အလောင်းဝင်ယူ၍ မရသေးကြောင်း ဒေသခံအချို့က ဆိုသည်။
“သူက အိမ်ကနေ ဘယ်မှမပြေးဘူး။ တိုက်ပွဲဖြစ်တိုင်း တစ်ခါမှ မပြေးဘူး။ သွေးလန့်ပြီး သေတယ်လို့တော့ ပြောသံ ကြားတယ်။ တိုက်ပွဲဖြစ်တာက သူနေတဲ့အိမ်နဲ့ ကပ်နေတာဆိုတော့ သွေးလန့်ပြီးသေတယ်ပဲထင်တယ်” ဟု ပကာရီရွာက အမျိုးသားတစ်ဦးက ပြောသည်။
ဩဂုတ်လ ၁၆ ရက်မှ ယနေ့ စက်တင်ဘာလ ၁၅ ရက်အထိ ထားဝယ်-မေတ္တာ-ထီးခီးလမ်းတစ်လျှောက်ကို စစ်အာဏာရှင် တပ်က ကားဖြင့် ရိက္ခာ၊ စစ်လက်နက်များ ပို့ဆောင်နေသလို တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်လည်း ဖြန့်ကျက်ကာ ခြေလျင်စစ်ကြောင်းထိုးနေသည်။
အဆိုပါစစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက လမ်းတစ်လျှောက် ပိတ်ဆို့ တိုက်ခိုက်သဖြင့် စစ်အာဏာရှင်တပ်ဘက် ကားအချို့ ပျက်စီးခဲ့သလို တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးမှုများခဲ့သည်။
အဆိုပါစစ်ကြောင်းသည် စက်တင်ဘာ ၁၀ ရက်တွင် ကျောက်မဲတောင်စခန်းကို ရောက်ရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲတောင်မှ မေတ္တာဗျူဟာစခန်းဘက်သို့ ထွက်လာသည့် စစ်ယာဉ်တန်းနှင့် ခြေလျင် စစ်ကြောင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သဖြင့် လမ်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။