ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ ကိုင်းစိုက်တောင်သူများ ဓာတ်မြေသြဇာ မသုံးနိုင်သဖြင့် သီးနှံမဖြစ်ထွန်းဟုဆို

September 15, 2025

တနင်္သာရီမြို့နယ် ကျေးရွာအချို့တွင် ဓာတ်မြေသြဇာများ ဝယ်ယူရခက်ခဲသဖြင့် အလုံအလောက် မသုံးစွဲနိုင်ဘဲဖြစ်နေရာ သီးနှံ မဖြစ်ထွန်းဘဲဖြစ်နေကြောင်း ကိုင်းစိုက်တောင်သူများနှင့် ‌ဒေသခံများထံမှ သိရသည်။

ယခုနှစ် မတ်လမှစ၍ စစ်အာဏာရှင်တပ်က တော်လှန်ရေးထိန်းချုပ်နယ်မြေများကို ကုန်ပစ္စည်းတင်ခွင့် ပိတ်ထားရာ ‌‌‌ဓာတ်မြေဩဇာလည်းပါဝင်သည့်အတွက် စျေးတက်လာပြီး ဝယ်ယူရခက်ခဲလာခြင်းဖြစ်ကြောင်း ကိုင်းစိုက်တောင်သူများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ သမီးလှရွာ၊ ကျောက်စရစ်ရွာ၊ ရွာမရွာနှင့် ဝမ်းနာရွာ စသည့် တနင်္သာရီမြစ်ကြောင်းတစ်လျှောက် ရှိ ကျေးရွာအများစုတွင် ကိုင်းသီးနှံများ စိုက်ပျိုးကြပြီး အဆိုပါကျေးရွာများတွင် ဓာတ်မြေဩဇာများ ရှားပါးနေခြင်း ဖြစ်သည်။

ကိုင်းသီးနှံအပင်များကို ဓာတ်မြေသြဇာ လုံလုံလောက်လောက် မကျွေးနိုင်သည့်အတွက် အပင်များ မကြီးထွား‌နိုင်တော့ဘဲ အသီး မသီးခြင်း၊ အပင်ပျက်စီးခြင်းများဖြစ်နေကြောင်း သမီးလှရွာနေ ကိုင်းစိုက်တောင်သူတစ်ဦးက ဆိုသည်။

အထူးသဖြင့် ငရုတ်သီး၊ ပဲသီး၊ စိမ်းစားဥ၊ မုန်လာဥ၊ ချဉ်ပေါင်ပင်၊ ဆလပ်ရွက်အပင်များ မဖြစ်ထွန်းတော့ကြောင်း ၎င်းက ပြောဆိုသည်။

“မြေသြဇာကျွေးချိန်မှာ မကျွေးရင် အပင်မတက်(မဖွံ့ဖြိုး)နိုင်ဘူး။ အပင်မတက်နိုင်တော့ သူ့ရာသီချိန်မှာ မသီးနိုင်တာတွေ ဖြစ်တယ်။ သူ့ရဲ့သီးရမယ့်အချိန်မှာ မသီးဘဲ အပင်က ကျပ်ပြီးနေနေတယ်။ သူ့အချိန်မှာ အလိုက်အထိုက်ကျွေးမှ ဖြစ်ထွန်းတယ်” ဟု အထက်ပါကိုင်းစိုက်တောင်သူက ပြောသည်။

ဓာတ်မြေသြဇာများကို စျေးဝယ်ယူခွင့်လက်မှတ်လုပ်၍ တနင်္သာမြို့ပေါ်တွင် သွားဝယ်ကြရပြီး ရွာသို့ လှေဖြင့် တစ်ဆင့် သယ်ယူရသလို ဆိုင်ကယ်ဖြင့်လည်း သယ်ယူရ‌သဖြင့် စျေးပိုတက်လာကြောင်း ရွာမရွာနေ ကိုင်းစိုက်တောင်သူ အခြားတစ်ဦးက ဆိုသည်။

ထိုသို့ဝယ်ယူရာတွင်လည်း လုံလုံလောက်လောက် ဝယ်သယ်ခွင့်မရဘဲ အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရနေကြောင်း ၎င်းက ပြောဆိုသည်။

“နည်းနည်းပါးပါး ဝယ်ယူလို့ရပေမယ့် လူတိုင်းဝယ်လို့ မရဘူး။ သူတို့ (စစ်အာဏာရှင်တပ်) နဲ့ ရင်းနှီးသူတွေ လက်မှတ်ပြပြီး မြို့ပေါ်တက်ဝယ်ကြတယ်” ဟု အထက်ပါ ကိုင်းသီးနှံစိုက်ပျိုးသူက ပြောသည်။

လက်ရှိတွင် ကုန်စိမ်းဝယ်သူများက ရောင်းပန်းလှသည့် သီးနှံများကိုသာ ဝယ်ယူကြသည့်အတွက် အခက်တွေ့နေကြကြောင်း ကိုင်းစိုက်တောင်သူများက ဆိုသည်။

ငရုတ်သီးစိမ်း နို့ဆီဘူးတစ်ဘူးလျှင် ၂၅၀၀ကျပ်၊ ပဲသီးတစ်စည်းလျှင် ကျပ် ၅၀၀၊ ချဥ်ပေါင်ရွက်နှင့် ကန်စွန်းရွက် တစ်စည်း လျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချနေကြောင်း ကိုင်းစိုက်တောင်သူများထံမှ သိရသည်။

အဆိုပါကျေးရွာများက ထွက်ရှိသည့် ကိုင်းသီးနှံများကို ယခင်က မြိတ်၊ တနင်္သာရီမြို့ပေါ်သို့ ပို့ဆောင်ရောင်းချကြပြီး လက်ရှိတွင် သယ်ယူခွင့်ကန့်သတ်မှုများကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာအုပ်စုများအတွင်းမှာပင် ပြန်လည်ရောင်းချ ကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။