မြိတ်မြို့၊ ရေနံမြေရပ်ကွက်ရှိ လယ်သစ်ရွာသားတစ်ဦး၏ နာရေးအိမ်ကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်စီးနင်းပြီးဖမ်းဆီးသွားသည့် အရပ်သား ၂၀ ဦးအနက် ၆ ဦးက လက်ရှိအချိန်အထိ မိသားစုနှင့်အဆက်အသွယ် မရသေးကြောင်း ဒေသခံများ၊ မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။
စက်တင်ဘာလ ၈ ရက်ည ၁၁ နာရီခန့်တွင် နာရေးအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် အရပ်သား ၂၀ဦးကို လာရောက်ဖမ်းဆီးသွားရာ ၁၄ ဦး ပြန်လွတ်လာကြောင်း မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။
အဆိုပါ ၁၄ဦးက အဖမ်းခံရသည့်ညမှာပင် ပြန်လွတ်လာကြောင်း နီးစပ်သူများကပြောသည်။
ကျန်သည့် အရပ်သား ၆ ဦးကိုမူ မြိတ်မြို့မရဲစခန်းသို့ခေါ်ဆောင်သွားပြီးနောက်ပိုင်း စက်တင်ဘာလ ၁၅ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေပြီး လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ဖမ်းပြီးကတည်းက အဆက်သွယ် အစအန မသိရဘူး။သူတို့ကို ဘယ်နားမှာ ထားထားလည်း မသိရဘူး။မိသားစုက စုံစမ်းနေလည်း အခုထိမသိရသေးဘူး”ဟု ၎င်းက ပြောသည်။
အဖမ်းခံရသူ ၆ ဦးမှာ အသက်၅၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦး၊ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားသုံးဦး၊အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၇ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ အဖမ်းခံထားရသူများက တနင်္သာရီမြို့နယ် လယ်သစ်ရွာသားလေးဦးနှင့် ပဲ့တိုင်ရွာသားတစ်ဦးတို့ဖြစ်သည်။
“ပြန်လွှတ်လိုက်တဲ့ သူတွေက ရွာကိုတော့ ပြန်ရောက်လာပြီ။ဖုန်းက အလုံး၂၀ စလုံး သိမ်းထားခဲ့တယ်လို့ ကြားရတယ်”ဟု အထက်ပါဒေသခံက ဆိုသည်။
တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်ပြီး စစ်အာဏာရှင်တပ်က စားနပ်ရိက္ခာသယ်ဆောင်ခွင့် ပိတ်ပင်ကန့်သတ်ထားသည့် ဒေသလည်းဖြစ်သည်။







