လောင်းလုံးမြို့အနီးရှိ သဗျာကျေးရွာသို့ စစ်အာဏာရှင်တပ်က ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်စောစောတွင် ရုတ်တရက် ရောက်လာပြီး ရွာသားလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံးမြို့ လ၀ကရုံးတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ သဗျာကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေစစ်ဆေးကာ ရွာသား လေးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဖမ်းဆီးခံရသည့် သဗျာကျေးရွာသားလေးဦးမှာ ကိုစိုးဖေ၊ ကိုမောင်လှထွေး၊ ကိုမင်းဟိုနှင့် ၎င်း၏ သားဖြစ်သူတို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“သူတို့လာချိန်က လူတွေ အိပ်ရာထ မျက်နှာသစ်သူသစ်နေကြတယ်။ သဗျာစာသင်ကျောင်းတစ်ဝိုက်နဲ့ နတ်ရေရတနာ ဘုန်းကြီးကျောင်းတစ်ဝိုက်က အိမ်တွေကို ဝင်ရှာတာတွေ လုပ်သွားတယ်။ ဖုန်းတွေကိုလည်း သိမ်းသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ထိုစစ်ကြောင်းသည် ယနေ့ နံနက် ၁၁ နာရီအထိ လောင်းလုံးမြို့ နှင့် သဗျာကျေးရွာကြားအနီးတဝိုက်တွင်ပင် ရှိနေခြင်း ကြောင့် ဒေသခံရွာသူရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“အခုအထိလည်း ထိန်သစ်ဘုရားတောင်ပေါ်မှာ ရှိနေကြတုန်းပဲ။ သူတို့မပြန်ကြသေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းကမူ အဆိုပါစစ်ကြောင်း တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ကြောင်း လောင်းလုံးမြို့ခံများထံမှ သိရသည်။







