ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု တွင် စစ်အာဏာရှင်တပ်မှ စစ်ကြောင်းထိုးပြီးနောက် ရွာသားများ ကျေးရွာအတွင်းပြန်ဝင်စဥ် သတ်ဖြတ်မြေမြုပ်ခံထားရသည့် အလောင်းသုံးလောင်းတွေ့ရှိရကြောင်း မျက်မြင်တွေ့ရသည့် ရွာသားများကပြောသည်။
စစ်အာဏာရှင်တပ်သည် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်း ပြန်ဖွင့်သည့် စက်တင်ဘာလ ၆ ရက်မှစ၍ မလွှဲတောက်ဘက်သို့ ရှေ့ဆက်တိုးလာကာ ရာဖူးရွာအနီးရှိ ကျွဲတလင်းရွာအထိ စစ်ကြောင်းထိုးခဲ့ကြောင်း ရွာသားများထံမှသိရသည်။
ယင်းစစ်ကြောင်းသည် စက်တင်ဘာလ ၁၂ ရက်တွင် ရာဖူးရွာကိုဖြတ်၍ ကလိန်အောင်မြို့၊ မရမ်းချောင်းရွာဘက်သို့ ပြန်ဆုတ်ခွာသွားကြောင်း ၎င်းတို့ဆိုသည်။
စစ်ကြောင်းဆုတ်ခွာသွားပြီးနောက် ရွာသားများ ကျေးရွာအတွင်း ပြန်ဝင်ကြည့်စဥ် ရာဖူးရွာသစ်၊ ကွက်သစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံး၏ နောက်တွင် သတ်ဖြတ်ခံရပြီး တစ်ဝက်တစ်ပျက် မြေမြုပ်ထားသည့် အလောင်းသုံးလောင်းတွေ့ခဲ့ရကြောင်း မျက်မြင်တွေ့ရသူများက ပြောဆိုသည်။
“လောက်တွေတက်နေပီ အလောင်းတွေမှာ၊ ဘယ်သူဘယ်ဝါမှန်း မသိရတော့ဘူး။ မိန်းကလေး တစ်ယောက်ပါတယ်။ ယောက်ျားလေးက နှစ်ယောက် ပါတယ်။ သေချာ သင်္ဂြိုဟ်ပေးမယ့်ဟာ ဘယ်သူမှမလုပ်ရဲသေးဘူး” ဟု အလောင်းများအား မျက်မြင်တွေ့ခဲ့ရသည့် ရာဖူးရွာသားတစ်ဦးက ပြောသည်။
အလောင်းများမှာ ရက်ကြာနေပြီဖြစ်သဖြင့် မည်သည့်ဒဏ်ရာဖြင့် သေဆုံးသည်နှင့် မည်သူမည်ဝါ ဖြစ်ကြောင်းတို့ကို အတည်ပြုရန် ခက်ခဲနေသည်ဟု ရွာသားများကဆိုသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ လမ်းပိုင်း၌ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် မွန်၊ကရင်၊ထားဝယ် တော်လှန်ရေးအင်အားစု မှ ဒေါနစစ်ကြောင်း ၃ တာဝန်ခံထံမေးမြန်းရာ အသေးစိတ်မသိရသေးကြောင်း ဆိုသည်။
” စစ်ကောင်စီ စစ်ကြောင်း ရှိနေချိန်မှာဖြစ်တာလို့တော့ ကြားရတယ်။ အသေးစိတ်ကတော့ စုံစမ်းနေတယ်။ အခုလည်း စစ်ကြောင်းက ရာဖူး အနီးတစ်ဝိုက်မှာပဲရှိနေတယ်။ လမ်းပိုင်းကတော့ ဖွင့်ပေးထားတယ် ” ဟု၎င်းကပြောဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်စဥ် ရာဖူးရွာမှ ဒေသခံဆယ်ဦးထက်မနည်း သုံးရင်ကြာအဖမ်းခံခဲ့ရသလို ကျေးရွာအတွင်း နေအိမ် လေးပုံသုံးပုံခန့် ဖောက်ထွင်းခံခဲ့ရသည်ဟု ရွာသားများထံမှသိရသည်။
” အိမ်ဖောက်ခံရတာက အိမ်ခြေလေးရာကျော်ဆိုရင် သုံးရာလောက်တော့ ထိတယ်။ စစ်တပ်က မဝင်ရသေးတဲ့အချိန်တွေလည်း တချို့အိမ်တွေမှာသူခိုးတွေဝင်ဖောက်ကြတယ်။ စျေးဆိုင်တွေ ကုန်စုံဆိုင်တွေ အဓိကအဖောက်ခံရတယ် ” ဟု ကိုယ်တိုင်အိမ်အဖောက်ခံရသည့် ရာဖူးရွာခံ အမျိုးသမီး တစ်ဦးကပြောသည်။
ရာဖူးရွာအပြင် စစ်ကြောင်းဝင်ရောက်ခဲ့သည့် ရွာစဥ်တစ်လျှောက်ရှိ ကျေးရွာများတွင် နေအိမ်များ ဖောက်ထွင်းခံရသည်ဟု ယင်းကျေးရွာနေရွာသားများက ဆိုသည်။
စစ်အာဏာရှင်တပ် ရာဖူးရွာသို့မဝင်မီ လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း စက်တင်ဘာလ ၉ ရက် က ရွာလယ်ရှိ နေအိမ်တစ်လုံး ပေါ်ကျည်ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦး သေဆုံးကာ၊ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သေးသည်။
ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား စက်တင်ဘာလ ၉ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများဖြစ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။