ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူဘက်က အဝါကတ်တစ်ကတ်တောင် မထိပါဘူးဆိုကတည်းက ဒီမန်ယူကို အထင်ကြီးစရာ မရှိတော့တာလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
မန်စီးတီးက မန်ယူကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ နှစ်သင်းလုံးက အဝါကတ် မထိခဲ့ပေမယ့် ရွိုင်ကိန်းကတော့ အနိုင်ရတဲ့အသင်းက အဝါကတ်တစ်ကတ်တောင် မထိတာဟာ ပြဿနာ မဟုတ်ပေမယ့် ရှုံးနေတဲ့အသင်းက တွန်းတွန်းတိုက်တိုက်နဲ့ အားထည့်ကစားရင် အဝါကတ်ထိတဲ့ဖြစ်စဉ်မျိုးက ဖြစ်ကိုဖြစ်ရမှာမို့ မန်ယူဘက်က အဝါကတ်တစ်ကတ်တောင် မထိဘူးဆိုတာဟာ ပွဲကို အာရုံစူးစိုက်မှုအပြည့်နဲ့ မကစားခဲ့တာပဲဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
မန်ယူဟာ မန်စီးတီးကို ကစားကွက်နဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ဘာတစ်ခုမှ မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ် ခြေပြတ် ရှုံးသွားခဲ့ရတာပါ။ ရွိုင်ကိန်းကတော့ တွန်းတွန်းတိုက်တိုက်၊ ပြင်းပြင်းထန်ထန် ကစားရမယ့်ပွဲမှာ ပင်ပန်းနွမ်းနယ်သလို လုပ်ပြနေတဲ့ မန်ယူကစားသမားတွေအနေနဲ့ အိပ်ရာထဲကနေ တစ်ပတ်လောက် မထနိုင်အောင် ဖြစ်နေရမှာလို့လည်း ပြောသွားခဲ့ပါသေးတယ်။
“ဘယ်လို ဒါဘီပွဲတဲ့လဲ။ ပွဲပြီးအချက်အလက်တွေကို ကြည့်လိုက်ပါ။ အဝါကတ်တစ်ကတ်တောင် အပြမခံရဘူးတဲ့။ ပွဲကစားချိန်မှာ မိုးက ရွာနေတယ်။ တိုက်စစ်ဖွင့်ပြီး တွန်းတွန်းတိုက်တိုက်ကို အားကုန်ထည့်ပြီး ကစားရမှာလေ။ ဘောလုံးဆိုတာက အဲ့ဒီလိုကစားရတဲ့ ကစားနည်းလေ။ အခုက အဝါကတ်မထိအောင် ကစားပြသွားခဲ့ကြပါတယ်။ စိတ်ပျက်မိတယ်ဆိုတာထက် အများကြီးပိုပါတယ်။ ပွဲပြီးလို့ မန်ယူအသင်း ကွင်းပြင် ထွက်လာပုံကလည်း ပင်ပန်းနွမ်းနယ်နေသလိုပါပဲ။ တကယ်က အဲ့ဒီတစ်သင်းလုံး အိပ်ရာကနေ တစ်ပတ်လောက် မ,ထနိုင်အောင်ဖြစ်နေသင့်တာပါ”လို့ ရွိုင်ကိန်းက အသိပေးသွားခဲ့ပါတယ်။
Source – SkySports







