ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်ရှိ ဘဝါကျွန်းတွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျမှုဖြစ်ပြီးအမျိုးသားနှစ်ဦး မြေပိသေဆုံးခဲ့ကြောင့် ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှသိရသည်။
စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဘဝါကျွန်းအတွင်းရှိ ရွှေပြည်သာအမှိုက်ကန်ဟောင်း နေရာ၌ အဆောက်အအုံဆောင်ရန် အလုပ်သမားများ အလုပ်လုပ်နေချိန် ပန္နက်တွင်းအပေါ် မြေကြီးပြိုကျပြီး အမျိုးသားနှစ်ဦး ပိတ်မိသေဆုံးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” အနက် ၆ ပေလောက်ရှိတဲ့ တွင်းထဲမှာ မြေပိနေတာ အလုပ်သမားနှစ်ယောက် နှစ်ယောက်စလုံး ဆုံးသွားတယ်”ဟု ယင်းတာဝန်ရှိသူကပြောသည်။
သေဆုံးသူအမျိုးသားနှစ်ဦး မှာကော့သောင်းမြို့တွင်နေထိုင်ကြသည့် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက်၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် မြို့ခံများက ပြောသည်။
၎င်းတို့၏ရုပ်အလောင်းနှစ်လောင်းကို ကော့သောင်းမြို့ရှိ ၂ မိုင်ပြည်သူ့ဆေးရုံကြီး သို့ ရွှေအဏ္ဏဝါပရဟိတာလူငယ်အဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။










