ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဩဂုတ် ၉ မှ ၁၅ ရက်အထိ
ကက်ရှ်မီးယားတွင် မိုးသည်းထန်ပြီး လူ ၄၆ ဦးထက်မနည်းသေဆုံး

အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လူ ၄၆ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
တစ်နာရီအတွင်း မိုးရေချိန် ၄ လက်မလောက် ရွာသွန်းခဲ့တာကြောင့် တောင်ထူထပ်တဲ့ဒေသမှာ ရုတ်တရက်ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။
ထင်ရှားတဲ့ ဘုရားဖူးလမ်းကြောင်းမှာ တထောက်နားတဲ့နေရာဖြစ်တဲ့ ကစ်ရှ်တ်ဝါခရိုင်၊ ချာဆိုတီမြို့မှာ မိုးကြီးဒဏ်ကို ပိုမို ခံခဲ့ကြရပါတယ်။
ဘုရားကျောင်းတစ်ကျောင်းကို သွားတဲ့လမ်းက အများသုံး ချက်ပြုတ်တဲ့နေရာနဲ့ လုံခြုံရေးကင်းစခန်း မျောပါသွားတယ်လို့ ဆိုပါတယ်။
ဒါဟာ ဟိမဝန္တာဒေသမှာ တစ်ပတ်ကျော်အတွင်း ဒုတိယအကြိမ် ဘေးဆိုးကြုံရတာ ဖြစ်ပါတယ်။
Ref: CNN
……………………………………..
အီတလီတွင် ရွှေ့ပြောင်းသင်္ဘော နစ်မြုပ်မှုကြောင့် လူ ၂၆ ဦးသေဆုံး

အီတလီနိုင်ငံတောင်ပိုင်း လမ်ပီဒူဆာကျွန်းအနီးမှာ သြဂုတ် ၁၃ ရက်က ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့ သင်္ဘောနစ်မြုပ်ခဲ့တာကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
သင်္ဘောပေါ်လိုက်ပါလာသူတွေထဲက ၆၀ ကျော်ကို ကယ်တင်နိုင်ခဲ့တာပါ။
ကယ်ဆယ်ရေးနေရာမှာ သင်္ဘော ၅ စင်း၊ လေယာဉ် ၂ စင်းနဲ့ ရဟတ်ယာဉ်တစ်စင်းတို့နဲ့ လုပ်ဆောင်ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
နစ်မြုပ်သင်္ဘောပေါ်မှာ လစ်ဗျားမှ ခရီးသွားပြည်သူတွေ အပါအဝင် ရွှေ့ပြောင်းအခြေချသူတွေ လူ ၉၅ ဦးအထိ လိုက်ပါလာကြပါတယ်။
ဒီဖြစ်စဉ်က အာဖရိကကနေ ဥရောပကို မြေထဲပင်လယ် ဖြတ်ကျော်လာချိန် ရွှေ့ပြောင်းဒုက္ခသည်တွေ ကြုံရတဲ့ အခက်အခဲ စိန်ခေါ်မှုဖြစ်ပါတယ်။
Ref: Aljazeera
……………………………………..
ထိုင်းဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ရေး ဩဂုတ်လ ၂၉ မှာ ဆုံးဖြတ်မယ်

ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ကို ဝန်ကြီးချုပ်ရာထူးကနေ ထုတ်ပယ်ရေး ဆုံးဖြတ်ချက်ကို ဩဂုတ် ၂၉ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောခဲ့မှုနဲ့ ပတ်သက်လို့ ရာထူးကနေ ဆိုင်းငံ့ခံထားရတာပါ။
ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ ဩဂုတ် ၂၁ ရက်မှာ အမျိုးသားလုံခြုံရေးကောင်စီနဲ့ ပေထုတ်တန် ရှင်နာဝပ်တို့က တရားရုံးမှာ ထွက်ဆိုချက်ကို ကြားနာရမှာဖြစ်ပါတယ်။
တရားရုံးဟာ ဩဂုတ် ၂၉ ရက် မနက် ၉ နာရီမှာ အစည်းအဝေးပြုလုပ်သွားမှာဖြစ်ပြီး မဲပေးမှုတွေ ပြုလုပ်ပြီးနောက် ညနေ ၃ နာရီမှာ ဆုံးဖြတ်ချက်ကို ထုတ်ပြန်မှာဖြစ်ပါတယ်။
Ref: Bangkok Post
……………………………………..
အမေရိကန်တွင် နိုင်ငံတော်ကြွေးမြီ ဒေါ်လာ ၃၇ ထရီလီယံ ကျော်လာ

အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ နိုင်ငံတော်ကြွေးမြီဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇ ထရီလီယံ ကျော်သွားပြီဖြစ်တယ်လို့ ဘဏ္ဍာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းအထိ ပထမဆုံးအကြိမ်အနေနဲ့ အမေရိကန်ဒေါ်လာ ၃၇ ထရီလီယံကို ကျော်လွန်လာတာပါ။
ဒီနှစ်တစ်နှစ်တည်းမှာ အတိုးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်က အမေရိကန်ဒေါ်လာ ၃၅ ထရီလီယံရှိရာကနေ ဒီနှစ်ထဲမှာ နောက်ထပ် ၂ ထရီလီယံ ပိုများလာတာဖြစ်ပါတယ်။
ဖက်ဒရယ်အစိုးရဟာ ဒီပြဿနာကို ဖြေရှင်းရမယ့် လုပ်ငန်းတွေကို မလုပ်ဆောင်ခဲ့တာကြောင့် အခြေအနေကို ပိုဆိုးလာတယ်လို့ ဆိုပါတယ်။
Ref: AP
……………………………………..
တောင်ကိုးရီးယား သမ္မတဟောင်းဇနီး ဖမ်းဆီးခံရ

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ယိုးရဲ့ ဇနီး ကင်မ်ကွန်ဟီးကို တရားရုံးက စစ်ဆေးနေစဉ်မှာပဲ ဩဂုတ် ၁၂ ရက် ညနေပိုင်းက ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။
သူမက ဇိမ်ခံပစ္စည်းတွေ လာဘ်ယူမှု စွဲချက်နဲ့ အမှုဖွင့်စစ်ဆေးခံနေရဆဲပါ။
ဒါကြောင့် တောင်ကိုးရီးယားသမိုင်းမှာ သမ္မတဟောင်း ယွန်းဆွတ်ယိုးလိုပဲ ဇနီးသည် ကင်မ်ကွန်ဟီးဟာ ပထမဆုံး အဖမ်းခံရတဲ့ သမ္မတဟောင်းဇနီး ဖြစ်လာပါတယ်။
၂၀၂၂ ခုနှစ်တုန်းက သမ္မတနဲ့အတူ NATO ထိပ်သီးဆွေးနွေးပွဲ သွားတက်တုန်းက ဝတ်ဆင်ခဲ့တဲ့ Van Cleef စိန်ဘယက်က လူအများကြား ဝေဖန်မှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ဒီဆွဲကြိုးက ဝမ် သန်း ၆၀ (ဒေါ်လာ ၄၃,၀၀၀) တန်ပြီး ဒီပစ္စည်းဟာ ဥပဒေနဲ့အညီ သမ္မတဇနီးမောင်နှံရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာစဉ်က မပါရှိခဲ့ဘူးလို့ ဆိုပါတယ်။
Ref: Aljazeera
……………………………………..
Air Canada က ဝန်ထမ်းများ သပိတ်မှောက်မည်

လေယာဉ်ဝန်ထမ်းတွေ အများစုနဲ့ စုဖွဲ့ထားတဲ့ Canadian Union of Public Employees (CUPE) က Air Canada အလုပ်ရှင်နဲ့ သဘောတူညီမှုမရတဲ့အတွက် ၇၂ နာရီအတွင်း သပိတ်မှောက်မယ်လို့ ကြေညာခဲ့ပါတယ်။
ဒါကြောင့် Air Canada အနေနဲ့ လာမယ့် စနေ၊ တနင်္ဂနွေမှာ အလုပ်သမားတွေရဲ့ သပိတ်မှောက်မှုတွေကြောင့် လေယာဉ်ခရီးစဉ်တွေအားလုံးကို ဖျက်သိမ်းရမယ့် အခြေအနေ ဖြစ်နေတာပါ။
ဒါပေမယ့် Jazz နဲ့ PAL Airlines က ပြေးဆွဲတဲ့ Air Canada Express လေယာဉ်တွေကတော့ ပုံမှန်အတိုင်း ပြေးဆွဲနေမယ်လို့ သိရပါတယ်။
လေယာဉ်ဝန်ထမ်း ၁၀,၀၀၀ ကျော်ဟာ လာမယ့် စနေနေ့ မနက် ၁၂ နာရီ ၅၈ မိနစ်မှာ အလုပ်မဆင်းဘဲနေမယ်လို့ ကြေညာထားထာပါ။
အဲဒီအတွက် Air Canada ကလည်း စနေနေ့ မနက် ၁ နာရီ ၃၀ မိနစ်ကစပြီး လုပ်ငန်းတွေကို ပိတ်ချထားမယ်လို့ အကြောင်းကြားထားပါတယ်။
ဝန်ထမ်းတွေနဲ့ Air Canada ကြား မတ်လကတည်းက လုပ်အားခ၊ အလုပ်စည်းကမ်းနဲ့ လစာမရသေးတဲ့ နာရီတွေအပါအဝင် ဆွေးနွေးမှုတွေ မအောင်မြင်သေးပါဘူး။
Ref: BBC
……………………………………..
စင်ကာပူတွင် ရိုက်ထားသော Jisoo ရဲ့ တေးဂီတအသစ်ထွက်လာ

BlackPink အဖွဲ့ဝင် Jisoo ရဲ့ “Your Love” Music Video ဟာဆိုရင် ဩဂုတ်လ ၁၂ ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။
ဒီ Music Video ဟာ စင်ကာပူခရီးသွားလာရေးဘုတ်အဖွဲ့ (STB) နဲ့ Mandai Wildlife Reserve တို့ ပူပေါင်းဖွင့်ထားတဲ့ Rainforest Wild Asia နဲ့ Singapore Zoo တို့မှာ ရိုက်ကူးခဲ့တာပါ။
STB ရဲ့ထုတ်ပြန်ချက်အရ အဲ့ဒီဗီဒီယိုက စင်ကာပူရဲ့သဘာဝအလှတရားတွေနဲ့ ကမ္ဘာ့အဆင့်မီ တောရိုင်းတိရစ္ဆာန်တွေကို မီးမောင်းထိုးပြထားတယ်လို့ သိရပါတယ်။
Music Video မှာ တွေ့ရတဲ့ နေရာတချို့ကတော့ လိုဏ်ဂူကြီး၊ လိုဏ်ဂူအတွင်း ဖွင့်ထားတဲ့ စားသောက်ဆိုင်၊ ထုံးကျောက်တွေနဲ့ ဖြစ်တည်လာတဲ့ The Karsts ဖြစ်ပြီး Bali Myna ငှက်မျိုးစိတ်နဲ့ Francois’ Langur မျောက်မျိုးစိတ်တို့ ပါဝင်ထားပါတယ်။
Ref: The Strait Time
……………………………………..