ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က ယာဉ် ၁၀စီးပါသည့် ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းများ ဝင်ရောက်နေကြောင်း ဒေသခံအချို့က ပြောသည်။
ခြေလျင် စစ်ကြောင်းနှစ်ကြောင်းသည် ဩဂုတ်လ ၈ ရက်တွင် မေတ္တာမြို့ဘက်မှ ကျောက်မဲတောင်စခန်း၊ ယင်းမှတစ်ဆင့် ပကာရီစခန်းသို့ ရောက်ရှိကြောင်း ဒေသခံအချို့က ဆိုသည်။
ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၇ နာရီခန့်တွင် ထားဝယ်ဘက်မှ လာသည့် ယာဉ် ၁၀ ပါသည့် စစ်ယာဉ်တန်း ပကာရီ စခန်းသို့ ရောက်ရှိလာပြီး ယင်းမှတစ်ဆင့် ရမ္မဇူရွာသို့ ရောက်ရှိနေကြောင်း ၎င်းတို့က ပြောဆိုသည်။
“နေ့လယ်ကတော့ ရမ္မဇူရွာမှာ ယာဉ်တန်းတွေရပ်ထားပြီး ထမင်းချက်စားနေကြတယ်လို့ပြောတယ်။ ခြေလျင် စစ်ကြောင်း ကလည်း ဒီနားက ရွာတွေကို နယ်မြေရှင်းတဲ့ပုံစံနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲ ထိုးနေတယ်” ဟု အရှေ့တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ခြေလျင်စစ်ကြောင်းနှစ်ကြောင်းတွင် အင်အား တစ်ရာခန့်ရှိနိုင်ပြီး ထားဝယ်-ထီးခီးကားလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ယာဉ်တန်းပေါ်တွင် အင်အား ၅၀ ခန့်ရှိနိုင်ကြောင်း ဒေသခံတို့က ဆိုသည်။
စစ်ယာဉ်တန်းပေါ်တွင် တာလပတ်ဖြင့် အုပ်ကာ ရိက္ခာများတင်ဆောင်လာသည်ကိုတွေ့ရပြီး လက်နက်ခဲယမ်းများလည်း ပါနိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“ယာဉ်တန်းမှာ စစ်ကားတွေ ဖောကားတွေလည်းပါတယ်။ မြေသယ်ကားလည်း သုံးလေးစီးပါတယ်။ ကျွန်မတို့ကတော့ တောထဲကို ရှောင်နေကြတယ်” ဟု ဝကုန်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
ဩဂုတ်လ ၈ ရက်ကစပြီး ယနေ့ ဩဂုတ်လ ၁၅ ရက်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ပခပ်၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ဝကုန်းရွာက ဒေသခံများ ထွက်ပြေးရှောင်တိမ်းနေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါစစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းသည် ကျောက်မဲတောင်စခန်းဘက်သို့ ဦးတည်နေကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။
ထိုင်း-မြန်မာ ထီးခီးနယ်စပ်က စစ်အာဏာရှင်တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက ၂၀၂၄နှင့် ၂၀၂၅ ခုနှစ်တွင် တိုက်ခိုက်သိမ်းယူထားပြီး ထားဝယ်-ထီးခီးနယ်စပ်လမ်းတစ်လျှောက်တွင် ပကာရီစခန်း၊ ကျောက်မဲတောင်စခန်း၊ မေတ္တာဗျူဟာစခန်းများသာ ကျန်ရှိတော့သည်။