ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာအကြားတွင် ယနေ့ သြဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ရွာသားများနှင့် လမ်းပိုင်းတွင်ပိတ်မိခဲ့သည့် ကားသမားများထံမှ သိရသည်။
စစ်အာဏာရှင်တပ် နှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုများ ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပိတ်မိနေသည့်ကားများမှာ ပစ်ခတ်မှုရပ်သွားပြီးနောက် ခေတ္တ သွားလာခွင့်ရခဲ့ကြောင်း ကားသမားများက ပြောသည်။
ယင်းနောက် ညနေ ၃ နာရီခွဲမှစ၍ ည ၆ နာရီခွဲကျော်ထိ ပစ်ခတ်သံများ ထပ်မံကြားရခဲ့ပြီး ကားများ လမ်းတွင် ထပ်မံပိတ်မိကြောင်း ၎င်းတို့က ဆိုသည်။
“ပစ်သံစဲတာနဲ့ ပိတ်နေတဲ့ ကားတွေတော့ ကလိန်အောင်ဘက်ကို မြန်မြန်ထွက်သွားကြတယ်။ ထားဝယ်တော့ဆင်းလို့ မရတော့ဘူး။ ကလိန်အောင်မှာပဲ ညအိပ်ရတော့မယ်” ဟု ပိတ်မိနေသည့်ကားများအား ကူညီပေးခဲ့သည့် ရွာသားတစ်ဦး က ပြောဆိုသည်။
တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က ဒရုန်းအသုံးပြု၍ တိုက်ပွဲအတွင်း ကင်းထောက်၊ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် မျက်မြင်တွေ့ရသည့် ရွာသားများထံမှ သိရသည်။
” (စစ်အာဏာရှင်တပ်) ၂၈၂ တပ်ရင်းဘက်က ၆၀ မမ ဒရုန်းဗုံးသီးတွေ ချိတ်ပြီး ပျံနိုင်တဲ့ ဒရုန်းတွေ တိုက်ပွဲ မစခင် နေ့လယ်လောက် ကတည်းက ဆက်တိုက်ပျံတက်တယ်” ဟု တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယနေ့ ညပိုင်း ၇ နာရီဝန်းကျင်တွင်မူ မောရဝတီရေတပ်စခန်းဌာနချုပ်ဘက်မှ မရမ်းချောင်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၁၃ ရက်ကလည်း ကော့လှိုင်ရွာအနီး စစ်အာဏာရှင်တပ် နှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့ပြီး နှစ်ဘက်ထိခိုက်မှုရှိသလို အရပ်သားထိခိုက်မှုလည်းရှိခဲ့သည် ။
ထားဝယ်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်အာဏာရှင်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် နတ်အိမ်တော်သို့ စစ်ကူပို့သည့် စစ်ကြောင်းများကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့တိုက်ခိုက်နေသဖြင့် ယခုသြဂုတ်လအတွင်း ထိတွေ့တိုက်ပွဲ ငါးကြိမ်ထက်မနည်းဖြစ်ခဲ့သည်။
ထို့ကြောင့် အရေးပေါ်ကိစ္စမရှိပါက လမ်းပိုင်းအား သွားလာခြင်းမပြုရန် နှင့် သွားလာပါကလည်း သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည် ။