BREAKING
October 19, 2025

ရေဖြူတွင် စစ်အာဏာရှင်တပ် ဖမ်းထားသည့် လူငယ်တစ်ဦးပြန်လွတ်၊ အမျိုးသားနှစ်ဦး ပြန်မလွတ်သေး

August 15, 2025

စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် နဘုလယ်ဒေသခံ အသက် ၁၇နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦး ပြန်လွတ်လာပြီး နောက်ထပ်အမျိုးသားနှစ်ဦးမှာမူ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြန်လွတ်လာသော လူငယ်သည် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ပရဒတ်ရွာသားဖြစ်ပြီး ဖမ်းဆီးခံရပြီး နှစ်ပတ်နီးပါးအကြာ ဩဂုတ်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလူငယ်သည် ဩဂုတ်လ ၂ ရက်တွင် နဘုလယ် ဒေသခံ အခြားခြောက်ဦးနှင့်အတူ စစ်အာဏာရှင်တပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

၎င်းနှင့်အတူ ဖမ်းဆီးခံရသည့် နဘုလယ် ဒေသခံ ခြောက်ဦးအနက် ဩဂုတ်လ ၄ရက်တွင် လေးဦး၊ ၈ရက်တွင် တစ်ဦးနှင့် ၁၂ ရက်တွင်တစ်ဦး ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ပရဒတ်ရွားသား လူငယ်ကိုမူ ဩဂုတ်လ ၁၄ရက်တွင် စစ်အာဏာရှင်တပ်က ထားဝယ်ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းမှ ထိန်ကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာချိန် စစ်ကြောင်းနှင်အတူခေါ်လာပြီး ပြန်လွတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်ကြောင်းက ထိန်ကြီးဘုန်းကြီးကျောင်းရောက်တာနဲ့ ရွာကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းတယ်။ သူအမေနဲ့ သူအစ်မတွေ လိုက်သွားပြီး သွားခေါ်လာတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြန်လွတ်လာချိန်တွင် အဆိုပါလူငယ်သည် တုန်တုန်ရီရီဖြစ်နေပြီး ခန္ဓကိုယ်ကို သွားရောက် ထိကိုင်ပါက နာသည်ဟု ပြောဆိုကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

ယင်းအပြင် ဩဂုတ်လ ပထမပတ်အတွင်း ဖမ်းဆီးခံရသည့် ထိန်ကြီးရွာသားကိုမျိုးပိုင်နှင့် ရလိုင်ရွာသား ဦးလွင်ကန်း တို့နှစ်ဦးမှာမူ ယနေ့အထိပြန်လွတ်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ဦးလွင်ကန်းမှာမူ ခမောင်းချောင်းရွာအနီးရှိ ၎င်း၏ ဥယျဉ်ခြံ၌ရှိနေချိန် စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အဲဒီနေ့က သတင်းရလို့ ခြံထဲမဆင်းနဲ့လို့ ပြောသေးတယ်။ ဒါပေမဲ့ သူက (ကိုင်း) ညွန့်ကွင်း ထောင်ထား‌လို့ သွားကြည့်တာ၊ အဲဒီမှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းသွားတယ်။ ကိုမျိုးပိုင်ကတော့ ကျွဲကျောင်းနေရင်း ဖမ်းမိတာ” ဟု မိသားစုနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးအနက် ကိုမျိုးပိုင်ကိုမူ မောင်းမကန်နယ်မြေ ရဲစခန်းဘက်သို့ ပြန်ဆုတ်သွားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းခေါ်သွားပြီး မိသားစုနှင့် ဆက်သွယ်ရရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဦးလွင်းကန်းကိုမူ ယနေ့ ဩဂုတ်လ ၁၅ ရက်အထိ ၎င်း၏ မိသားစုဝင်များက အဆက်အသွယ်မရသေးကြောင်း ဒေသခံများက ဆိုသည်။

ဩဂုတ်လ ၂ ရက်က စပြီး စစ်အာဏာရှင်တပ်သည် ‌ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း စစ်ကြောင်းများ ဖြန့်ခွဲစစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဩဂုတ်လ ၁၄ရက် နံနက်ပိုင်းတွင် ရေနက်ဆိပ်ကမ်းယာယီစစ်စခန်းမှ ထွက်လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း တစ် ကြောင်းသည် ယနေ့ ဩဂုတ်လ ၁၅ ရက် မွန်းတည့်ချိန်ထိ နဘုလယ်ဒေသ ထိန်ကြီးကျေးရွာတွင် ရောက်ရှိ တပ်စွဲထားဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။