BREAKING
October 19, 2025

လူနေအိမ်စီမံကိန်းဖြင့် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေးအယူအဆကို မြေမြှုပ်ပစ်မည်ဟု အစ္စရေးဆို

August 15, 2025

ပုံစာ - အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းရှိ အစ္စရေးလူနေအိမ်တိုးချဲ့စီမံကိန်းတစ်ခုတွင် အစ္စရေးအလံကို ဩဂုတ်လ ၁၄ နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလူနေအိမ်များ တိုးချဲ့ဆောက်လုပ်ကာ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အယူအဆကို မြေမြှုပ်ပစ်မည်ဟု လက်ယာစွန်းအစ္စရေး ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က ပြောဆိုလိုက်သည်။

အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West bank) ရှိ လူနေအိမ်တိုးချဲ့ဆောက်လုပ်ရေး အငြင်းပွားစရာ စီမံကိန်းတွင် လူနေအိမ်ပေါင်း ၃၀၀၀ ကျော် ဆောက်လုပ်သွားမည်ဟု Smotrich က ပြောသည်။

ယင်းအစီအစဉ်က ပါလက်စတိုင်းနိုင်ငံထူထောင်ရေး အယူအဆကို မြေမြှုပ်ပစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။

‘E1 project’ ဟု ခေါ်သည့် အဆိုပါ စီမံကိန်းကို နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်ချီကြာ ဆိုင်းငံ့ထားခဲ့ရသည်။

အဆိုပါ စီမံကိန်းက အစ္စရေးသိမ်းပိုက်ထားသည့် အရှေ့ဂျေရုဆလင် (East Jerusalem) ကို အနောက်ဘက်ကမ်း (West Bank) နှင့် အဆက်ပြတ်သွားစေမည် ဖြစ်သည်။

ယင်းမှာ ပါလက်စတိုင်းနိုင်ငံထူထောင်ရေး စိတ်ကူးကို ရပ်တန့်သွားစေလိမ့်မည်ဟု အစ္စရေးဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က ဆိုသည်။

ပါလက်စတိုင်းမြေပေါ်တွင် အစ္စရေး၏ လူနေအိမ်များ တိုးချဲ့အခြေချဆောက်လုပ်မှုများသည် နိုင်ငံတကာဥပဒေအရ တရားမဝင်ဟု ယူဆခံရပြီး ယင်းမှာ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အကြီးမားဆုံးပြဿနာများထဲမှ တစ်ခုအဖြစ် ရှိနေသည်။

အစ္စရေး၏ တိုးချဲ့အခြေချ လူနေအိမ်ဆောက်လုပ်မှုများကို ဆန့်ကျင်သည့် အစ္စရေးအခြေစိုက် Peace Now အဖွဲ့၏ ဖော်ပြချက်အရ အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တွင် တိုးချဲ့နေအိမ်စီမံကိန်းပေါင်း ၁၆၀ ဝန်းကျင် ရှိပြီး ယင်းတို့တွင် အစ္စရေးနိုင်ငံသား ၇၀၀,၀၀၀ ခန့် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေနေရာများသည် ပါလက်စတိုင်းများက ၎င်းတို့၏ လွတ်လပ်သော အနာဂတ်တိုင်းပြည်အတွက် အလိုရှိနေသည့် မြေနေရာများ ဖြစ်သည်။

Source: BBC