BREAKING
October 31, 2025

ကျောင်းတွင် စမတ်ဖုန်းသုံးခွင့်ပိတ်လိုက်၍ ကျောင်းသားများ သင်ယူလေ့လာမှုတိုးတက်

July 15, 2025

ဓာတ်ပုံ - Hollandse Hoogte/REX/Shutterstock

နယ်သာလန်နိုင်ငံရှိ စာသင်ကျောင်းများတွင် စမတ်ဖုန်းအသုံးပြုမှု ပိတ်ပင်ခြင်းသည် ကနဦးတွင် ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျောင်းသားများ၏ လေ့လာသင်ယူမှုနှင့် သင်ကြားရေး ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေကြောင်း အစိုးရက ပြုလုပ်သည့် လေ့လာမှုတစ်ရပ်က ဆိုသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လတွင် နယ်သာလန်အစိုးရက တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများတွင် စမတ်ဖုန်းအသုံးပြုမှုကို တားမြစ်သည့်အမိန့် ထုတ်ပြန်ခဲ့ပြီး စာသင်ကျောင်းအားလုံးနီးပါးက အဆိုပါ အမိန့်ကို လိုက်နာခဲ့ကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ သုတေသနတွင် အထက်တန်းကျောင်း တာဝန်ရှိသူအကြီးအကဲ ၃၁၇ ဦး ၊ မူလတန်းကျောင်း ၃၁၃ ကျောင်းကို လေ့လာခဲ့သည်။

ဆရာဆရာမများ ၊ သင်ကြားရေးအကူဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများပါဝင်သည့် အလေ့လာခံသီးသန့်အုပ်စု ၁၂ စုကိုလည်း လေ့လာခဲ့သည်။

လေ့လာမှု ပြုလုပ်ခဲ့သည့် အထက်တန်းကျောင်း သုံးပုံနှစ်ပုံဝန်းကျင်က ကျောင်းသားများ၏ စမတ်ဖုန်းများကို အိမ်တွင်ထားခဲ့ရန် သို့မဟုတ် ကျောင်းရှိ ၎င်းတို့၏ ကိုယ်ပိုင်လော့ကာ အခန်းငယ်များတွင် သိမ်းထားရန် ညွန်ကြားခဲ့သည်။

စာသင်ကျောင်းများ၏ ငါးပုံတစ်ပုံတွင် ကျောင်းသားများသည် စမတ်ဖုန်းများကို သင်ခန်းစာ စတင်ချိန်တွင် ဆရာ/ဆရာမထံ အပ်ထားရသည်။

စာသင်ကျောင်းတွင် စမတ်ဖုန်းအသုံးပြုမှုပိတ်ပင်ခြင်းကြောင့် ကျောင်းသားများ၏ အာရုံစူးစိုက်နိုင်စွမ်း ပိုမိုကောင်းမွန်လာသည်ဟု လေ့လာမှုပြုလုပ်ခဲ့သည့် အထက်တန်းကျောင်းများ၏ ၇၅ ရာခိုင်နှုန်းက ဆိုသည်။

စာသင်ကျောင်းများ၏ ၅၉ ရာခိုင်နှုန်းက ကျောင်းသားများ၏ လူမှုဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာသည်ဟု ဖော်ပြခဲ့သည်။

ကျောင်းသားများ၏ စာမေးပွဲရလဒ်များ ပိုမိုတိုးတက်ကောင်းမွန်လာသည်ဟု ဖြေဆိုသည့် ကျောင်းများက ၂၈ ရာခိုင်နှုန်း ရှိသည်။

ကျောင်းသားအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုများမှာ တိုးတက်မှုအမြင့်ဆုံး ဖြစ်ကြောင်း Kohnstamm Institute မှ သုတေသီတစ်ဦးဖြစ်သူ Dr. Alexander Krepel က ဆိုသည်။

“စာသင်ခန်းထဲက တစ်စုံတစ်ယောက်ကို တိတ်တဆိတ်ဓာတ်ပုံ ခိုးရိုက်ပြီး WhatsApp group ထဲမှာ ပြန်ဖြန့်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် လူမှုလုံခြုံရေးအရ တိုးတက်မှု တွေ့လာရတယ်”ဟု ၎င်းက ပြောသည်။

“အထူးသဖြင့် စာသင်ချိန်တွေအကြား အားလပ်ချိန်တွေမှာ ကျောင်းသားတွေက ဖုန်းကိုပဲ သုံးနေလေ့ရှိကြတယ်။ အခုတော့ သူတို့အချင်းချင်း မဖြစ်မနေ စကားပြောကြရတော့မယ်။ သူတို့အချင်းချင်း ငြင်းခုန်တာတွေ ပိုများလာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ စာသင်ကျောင်းတွေ ၊ ဆရာဆရာမတွေနဲ့ ကျောင်းသားတွေဟာ ကျောင်းရဲ့ ပတ်ဝန်းကျင် ပိုကောင်းမွန်လာတာကို စိတ်ကျေနပ်ပျော်ရွှင်ကြပါတယ်”ဟု ၎င်းက ဆိုသည်။

Source: The Guardian