BREAKING
October 31, 2025

နတ်အိမ်တောင်နယ်စပ်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် PDF များတိုက်ခိုက်၊ လေးဦးဖမ်းမိ

July 15, 2025

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်က နတ်အိမ်တောင်စခန်းကို စစ်ကူအင်အားလာဖြည့်သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ဖမ်းမိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆) ထံမှ သိရသည်။

ဇူလိုင်လ ၁၁ ရက်တွင် တိုက်ပွဲတစ်ကြိမ်၊ ဇူလိုင်လ ၁၂ ရက်တွင် နှစ်ကြိမ်ဖြစ်၌ပွားခဲ့ပြီး လက်နက် နှစ်လက်နှင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း KNU ထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက် ညနေ ၆ နာရီတွင်လည်း ရေဖြူမြို့နယ် ခလရ ၂၈၂ အနီးက မှိုသုံးပွင့်နေရာတွင် KNU လက်အောက်ခံ KNLA ၊ PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၆) တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးစောမှူးဂေက ပြောသည်။

“မနေ့ကလည်း နှစ်ယောက်ထပ်ဖမ်းမိပြန်တယ်၊ အရှင်ပေါ့။ အလောင်းက လက်ရှိမျက်မြင်က လေးငါးယောက်လောက်ရှိမယ်” ဟု ၎င်းက ပြောဆိုသည်။

မှိုသုံးပွင့်ဆိုသည့်နေရာသည် မိကျောင်းလှောင်နှင့် နတ်အိမ်တောင်ကြားက သဘာဝဓာတ်ငွေ့ပိုက်လိုင်းလမ်းပိုင်းတွင်ဖြစ်ပြီး ခလရ ၂၈၂ တပ်ရင်းနှင့် ၅ မိုင်ခန့်အကွာအဝေးတွင်တည်ရှိကြောင်း PDF ပူးပေါင်းတပ်တွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။

နတ်အိမ်တောင်စခန်းကို စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကောင်စီတပ်က စစ်ကူလာနေခြင်းဖြစ်ပြီး တစ်ကြောင်းမှာ ရှေ့သို့ တိုးမလာရဲဖြစ်နေသည်ဟု ဗိုလ်မှူးစောမှူးဂေက ဆိုသည်။

ထားဝယ်ခရိုင်နှင့် ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီစခန်းများကို KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းယူထားပြီးဖြစ်သဖြင့် ထားဝယ်ခရိုင်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ နတ်အိမ်တောင် စခန်းတစ်ခုသာ ကျန်ရှိတော့သည်။

နတ်အိမ်တောင်စခန်းကို စစ်ကောင်စီတပ်က စစ်ကူအင်အားကြိုတင်ဖြည့်တင်းရန်လုပ်ဆောင်နေကြောင်း ဗိုလ်မှူးစောမှူးဂေက ပြောသည်။

နတ်အိမ်တောင်ဘက်သို့ စစ်ကူအင်အားဖြည့်တင်းရန်လာသည့် စစ်ကြောင်းတွင် စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ ကလိန်အောင်တပ်နယ်က ခလရ ၂၇၃ ၊ ခလရ ၂၈၂ ၊ ခမရ ၄၀၈ ၊ ခမရ ၄၀၉ နှင့် ခမရ ၄၁၀ တို့ ပါဝင်ကြောင်း KNU ထံမှ သိရသည်။