ထိုင်းနိုင်ငံထဲတွင် ဆေးခြောက်ကို ကျန်းမာရေးရည်ရွယ်ချက်ဖြင့်သာ သုံးစွဲရန် ညွှန်ကြားပြီးနောက် ဆေးခြောက် တရားမဝင် ရောင်းချမှုများအား ဆက်လက်နှိမ်နင်း အရေးယူမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးက ပြောသည်။
ထိုင်းနိုင်ငံထဲ ဆေးခြောက်သုံးစွဲခွင့်ကို ကန့်သတ်လိုက်သဖြင့် Writing Thailand’s Cannabis Future Network အဖွဲ့နှင့် ဆေးခြောက်သုံးစွဲမှုကို ထောက်ခံသူများက မနက်ဖြန် ဇူလိုင်လ ၁၆ ရက်တွင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ရုံးရှေ့၌ ဆန္ဒပြရန် စီစဉ်ထားသည်။
ယင်းဆန္ဒပြပွဲနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsuthin က ဇူလိုင်လ ၁၄ ရက်က ပြောဆိုသည်။
ဆေးခြောက်ကို ကျန်းမာရေးအရသာ သုံးစွဲခွင့်ပြုရန် သတ်မှတ်ထားသည့် ဥပဒေအတိုင်း လေးစားလိုက်နာကြရေးအတွက် အစိုးရအနေဖြင့် အပြည့်အဝ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ဆေးခြောက်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“ဘာကြောင့်လဲဆို အကျိုးဆက်တွေ ပိုမိုကျယ်ပြန့်လာလို့။ အထူးသဖြင့် လူငယ်တွေ၊ ခရီးသွားတွေ၊ တိုင်းပြည်ပုံရိပ်တွေ အရပေါ့။ ဆေးခြောက်ကို ဆေးလိပ်လို သောက်သုံးတာကိုတော့ ကျွန်တော်တို့ အားမပေးပါဘူး” ဟု ဝန်ကြီး Somsak Thepsuthin က ဆိုသည်။
ဆေးခြောက်နှင့် ဘိန်းစာရွက်ကို ထိုင်းနိုင်ငံထဲ တရားဝင် သုံးစွဲခွင့်ပြုထားသော်လည်း အကယ်၍ အခြားတားမြစ်ထားသော ပစ္စည်းများနှင့်အတူ ရောစပ်ပြီး သုံးစွဲပါက ဖမ်းဆီးအရေးယူခံရမည်ဖြစ်ကြောင်း ဝန်ကြီးက သတိပေးသည်။
ပြီးခဲ့သော လများက ဝန်ကြီးဌာနက ဆေးခြောက်ရောင်းချသော ဆိုင်ပေါင်း ၁၅၀၀ ကျော်ကို စစ်ဆေးခဲ့ပြီးနောက် ၈၂ ဆိုင်၏ လိုင်စင်များကို ဆိုင်းငံ့အရေးယူခဲ့ပြီး ငါးဆိုင်ကို လိုင်စင်ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ဖော်ပြသည်။
ခွင့်ပြုချက်မရှိဘဲ ရောင်းချမှုများဖြင့် ဆေးခြောက်ဆိုင်ဖွင့်လှစ်ရောင်းချသူ ခုနစ်ဦးကို တရားစွဲထားပြီး အွန်လိုင်းမှတဆင့် ရောင်းချမှုကြောင့် အခြား သုံးဦးကိုလည်း အရေးယူထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်များတွင်လည်း ဆေးခြောက်မှောင်ခိုယူဆောင်မည့် လူ ၃၂ ဦးကို ဆေးခြောက် ၉၄၀ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ဆေးခြောက်ကို အိပ်မပျော်သူများ၊ အစားအစာ စားချင်စိတ် မရှိသူများ၊ ကင်ဆာ ဝေဒနာရှင်များ၊ ဆေးခြောက်သုံးစွဲခွင့်ရရှိထားသော နိုင်ငံခြားသားများနှင့် အခြားရောဂါများအတွက်သာ သုံးစွဲခွင့်ပြုထားသည်။
Ref: The Nation Thailand







