BREAKING
October 31, 2025

ယူကရိန်းစစ်ပွဲကို ရက် ၅၀ အတွင်း အဆုံးသတ်ရန် ရုရှားကို ထရမ့်ရာဇသံပေး

July 15, 2025

ပုံစာ - ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ တွေ့ဆုံခဲ့ကြစဉ်။ ဓာတ်ပုံ - Reuters/Kevin Lamarque

ယူကရိန်းနှင့်စစ်ပွဲကို ရက် ၅၀ အတွင်း အဆုံးသတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ရာဇသံပေးလိုက်သည်။

စစ်ပွဲကို မရပ်လျှင် ရုရှားအနေဖြင့် ကြီးမားသည့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်ရမည်ဟု ထရမ့်က ဆိုသည်။

ရုရှားသမ္မတပူတင်နှင့် အင်မတန် စိတ်ကသိကအောက် ဖြစ်ရကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

အမေရိကန်လက်နက်များကို နေတိုးအဖွဲ့ထံမှတစ်ဆင့် ယူကရိန်းသို့ နောက်ထပ်ပေးပို့သွားမည့် အစီအစဉ်ကိုလည်း ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။

သုံးနှစ်တာကြာမြင့်လာသည့် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်ရန် ရုရှားသမ္မတဗလာဒီမာပူတင်က ငြင်းဆန်နေဆဲဖြစ်သည့်အတွက် ၎င်း၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီဟုလည်း ထရမ့်က ပြောသည်။

“ရက် ၅၀ အတွင်း အပစ်ရပ်သဘောတူညီချက်မရဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ (ရုရှားအပေါ်) အင်မတန် ပြင်းထန်တဲ့ သွင်းကုန်စည်းကျပ်ခွန်တွေ ချမှတ်သွားမှာ ဖြစ်တယ်။ သွင်းကုန်စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကျွန်တော်တို့ ချမှတ်သွားဖို့ ရှိတယ်” ဟု ထရမ့်က ဆိုသည်။

နေတိုးအဖွဲ့ အကြီးအကဲဖြစ်သူ Mark Rutte နှင့် အိမ်ဖြူတော်တွင် တနင်္လာနေ့က တွေ့ဆုံစဉ်အတွင်း ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်က အသစ်ချမှတ်မည့် သွင်းကုန်စည်းကျပ်ခွန်များသည် ရုရှားနှင့် ကုန်သွယ်မှုပြုလုပ်နေဆဲ နိုင်ငံများကိုပါ ဦးတည်ပစ်မှတ်ထားသွားမည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆုံးဖြတ်ချက်မှာ အနောက်နိုင်ငံများ၏ အကြီးအကျယ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများအကြား ကြံ့ကြံ့ခံရပ်တည်နေသည့် ရုရှား၏ စီးပွားရေးကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ကြောင်း သိရသည်။

တနင်္လာနေ့ တွေ့ဆုံမှုအတွင်း ထရမ့်နှင့် နေတိုးအဖွဲ့အကြီးအကဲဖြစ်သူ Mark Rutte တို့က ၎င်းတို့နှစ်ဦးအကြား ရရှိခဲ့သည့် သဘောတူညီချက်သစ်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့က အမေရိကန်ထံမှ လက်နက်များကို ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံ ဝယ်ယူကာ ယူကရိန်းအား ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ယူကရိန်းအတွက် အမေရိကန်ထံမှ လက်နက်ဝယ်ယူပေးမည့် နိုင်ငံများထဲတွင် ဂျာမဏီ ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ဖင်လန် ၊ နယ်သာလန် ၊ နော်ဝေ ၊ ဆွီဒင် ၊ ဗြိတိန်တို့ ပါဝင်ကြောင်း Mark Rutte က ပြောသည်။

ယူကရိန်းကို ထောက်ပံ့ရန် အမေရိကန်ထံမှ နေတိုးက ဝယ်ယူမည့်လက်နက်များတွင် လေကြောင်းရန်ကာကွယ်ရေးစနစ် Patriot မစ်ဆိုင်းဒုံးများလည်း ပါဝင်သည်။

ယူကရိန်းကို လက်နက်ထောက်ပံ့ရန် ဥရောပနှင့် နေတိုးမဟာမိတ်များထက် အမေရိကန်က ငွေကြေးပိုမိုအကုန်အကျခံနေရသည်ဟု ထရမ့်က ကာလရှည်ကြာ ဝေဖန်လာခဲ့သည်။

တနင်္လာနေ့ သဘောတူညီချက်သစ်က ထရမ့်၏ အဆိုပါ မကျေနပ်ချက်ကို ဖြေရှင်းရန် ရည်ရွယ်ကြောင်း သိရသည်။

ယူကရိန်းသမ္မတဇလန်းစကီးကလည်း ထရမ့်အား ဆက်သွယ်ကာ အဆိုပါ လက်နက်သဘောတူညီချက်သစ်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

Source: AFP/fs