BREAKING
October 20, 2025

ပုလော၊ ရှပ်ပုံရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံး

July 15, 2025

ပုံစာ - ရှပ်ပုံရွာအား ဝေဟင်မှမြင်ရပုံ (ပုံဟောင်း)

ပုလောမြို့နယ်၊ ရှပ်ပုံရွာကို စစ်ကောင်စီတပ်မှ ဇူလိုင်လ ၁၂ ရက်မှစ၍ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။

ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီက ရှပ်ပုံအုပ်စု၊ ဆီတောင်ရွာ ဘက်သို့ ဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဝါးတန်းရပ်ကွက်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

“ညနေ ၄ နာရီ ၃၇ မှာ စစ်ကောင်စီဘက်ကနေ ဆီတောင်ရွာဘက်ကို ဒရုန်းနဲ့ဗုံးသီးချလိုက်လို့ အဖွားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီက ရှပ်ပုံက ဝါးတန်းကို လက်နက်ကြီး နှစ်လုံးပစ်လို့ ယောက်ျားလေးတစ်ယောက်သေဆုံးပြီး မိန်းကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဇူလိုင်လ ၁၃ ရက်ကလည်း စစ်ကောင်စီ၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရှပ်ပုံရွာ၊ အထဲစုရပ်ကွက်မှ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပြီး ဇူလိုင်လ ၁၂ ရက်တွင်မူ PDF ရဲဘော်တစ်ဦး ဒရုန်းဗုံးသီးထိမှန် ဒဏ်ရာကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ပုလောမြို့နယ်၊ ရှပ်ပုံရွာ ဝန်းကျင်တွင် စစ်ကောင်စီတပ်က အင်အားဖြည့်ထားသလို တော်လှန်ရေးအင်အားစုများဘက်ကလည်း စစ်ဆိုင်ထားသဖြင့် စစ်ရေးတင်းမာနေသည့် အခြေအနေတွင်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

” လက်ရှိအနေအထားက စစ်ဆိုင်နေတဲ့ အနေအထားမှာရှိတယ်။ စစ်ကောင်စီ ဘက်ကတော့ လက်နက်ကြီးတွေ ပစ်နေတာရှိတယ်။ ထိတွေ့ပစ်ခတ်မှုက ဇူလိုင် ၁၂ ရက်မှာ တစ်ကြိမ် ဖြစ်ပြီးကတည်းက ထပ်မဖြစ်သေးဘူး ” ဟု ၎င်းကပြောဆိုသည်။

ယင်းသို့ စစ်ရေးတင်းမာကာ စစ်ကောင်စီဘက်က ကျေးရွာအတွင်းသို့ ဒရုန်းဗုံးသီးနှင့်လက်နက်ကြီး တိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်နေသဖြင့် ရွာသားအများစု ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့လည်း ကျေးရွာတွင်ကျန်ရှိနေသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောပြသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများအနေဖြင့် လတ်တလောတွင် အစားအသောက်အခက်အခဲ ရင်ဆိုင်ကြုံတွေ့ရနေရကြောင်း ပုလော ပအဖ ထံမှသိရသည်။