BREAKING
June 15, 2025

ပုလော ခန္တီရွာသို့ လှေဖြင့်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်

June 15, 2025

ပုလောမြို့နယ်၊ ခန္တီကျေးရွာသို့ လှေဖြင့်‌လာရောက်သည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပုလောမြို့ဘက်မှ ခန္တီကျေးရွာဘက်သို့ ကင်းမွန်မီးထွန်းလှေနှစ်စီးဖြင့် လာရောက်သော စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၁၄ ရက် ‌မွန်းတည့် ၁၂ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။

“စစ်ကောင်စီဘက်က ထိခိုက်မှုရှိတော့ လှေက ဥယျာဥ်ကမ်း (ရွာ) ကို ကပ်ပြီး ဆေးကုနေတယ်လို့သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ယင်းနောက် မွန်းလွဲ ၁ နာရီခန့်တွင် ဥယျာဉ်ကမ်းရွာဘက်မှ စစ်ကောင်စီလှေ ပြန်ထွက်လာချိန်တွင်လည်း ‌ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သေးကြောင်း ၎င်းက ဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း တပ်ခွဲ (၁)၊ ပုလောပကဖ၊ KNDO၊ KNLA စသည့်တပ်များ ပူးပေါင်းပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲဝင်အချို့ထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးသော်လည်း တော်လှန်ရေးပူပေါင်းတပ်ဘက်ကမူ ထိခိုက်မှု မရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်ပါသော အခြားလှေတစ်စီး ခန္တီရွာ၏ တစ်ဖက်ကမ်းတွင် ရှိသော ပြင်ဘုငယ်ရွာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲဝင်အချို့က ဆိုသည်။

ယင်းသို့အင်အားဖြည့်တင်းထားသဖြင့် ဒေသတွင်း စစ်ရေးတင်းမာလျက်ရှိပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ခြေရှိကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။

ခန္တီရွာ ဒေသခံများမှာ တိမ်းရှောင်နေကြရပြီး စစ်ရေးတင်မာနေဆဲဖြစ်သောကြောင့် ယနေ့အချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ခန္တီကျေးရွာ၊ ဥယျာဉ်ကမ်းကျေးရွာ၊ ပြင်ဘုငယ်ကျေးရွာများသည် ရေလယ်ကျွန်းပုံစံတည်ရှိသဖြင့် ရေလမ်းကို အဓိကထား သွားလာရသည့် ကျေးရွာများဖြစ်သည်။