BREAKING
June 15, 2025

စစ်လေယာဉ်များ မကြာခဏပျံသန်းနေ၍ ဗုံးကြဲမည်ကို တောင်ပျောက်ဒေသခံများ စိုးရိမ်

June 15, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီလေယာဥ်များ မကြာခဏ ပျံ၀ဲနေသည့်အတွက် ဗုံးကြဲမည်ကို နေ့စဉ်စိုးရိမ်နေရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့အား မကြာခဏလေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်လေ့ရှိသည်။

Dawei Watch ၏ မှတ်တမ်းအရ မေလ ၁၉ ရက်နောက်ပိုင်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ပျောက်တိုက်နယ်အား လေကြောင်းဖြင့် အနည်းဆုံးနှစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။

လက်ရှိအချိန်တွင် နေ့တိုင်းနီးပါး စစ်ဖက်ကဟု ယူဆရသည့် လေယာဉ်၀ဲနေသည့်အတွက် ဗုံးထပ်မံကြဲခံရမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။

“အရင်ကတော့ လေယာဉ်လာလည်း လုပ်စရာရှိတာလုပ်နေတာပဲ။ အခုတော့ အသံကြားတာနဲ့ ဘယ်သူမှမရှိတော့ဘူး” ဟု တောင်ပျောက်တိုက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch ကိုပြောဆိုသည်။

ကျောင်အိုင်ရွာသည် ဇွန်လ ၇ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသဖြင့် ဒေသခံ မြေးအဘိုးနှစ်ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီ၏ လေယာဉ်များသည် တောင်ပျောက်တိုက်နယ်အတွင်း နေ့ရော၊ ညပါ ၀ဲနေကြောင်း သရက်ချောင်းမြို့နယ်အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးကပြောသည်။

ဒေသခံများသည် လေယောဥ်၀ဲလာသည့်အချိန် ကွမ်းသီး၊ သီဟိုဠ်နှင့် ရော်ဘာခြံများထဲသို့ တိမ်းရှောင်ကြရပြီး လေယာဥ် ပြန်သွားသည့်တိုင် နေအိမ်သို့ မပြန်နေရဲကြဟုဆိုသည်။ အထူးသဖြင့်အမြင့်ပိုင်း နေရာများတွင် မနေရဲကြပေ။

“နေပူနေရင်တော့နည်းနည်းကြောက်ရတယ်။ မိုးရွာနေရင်တော့ သိပ်မလာဘူး။ ကျွန်ဝောာ်တို့ကတော့ နေပူလေ ကြောက်လေပဲ” ဟုမယ်ကဲရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လေကြောင်းရန်စိုးရိမ်ရသဖြင့် ဒေသခံများနေအိမ်မပြန်ရဲဖြစ်နေကြရာ အလုပ်အကိုင်လည်း ထိခိုက်မှုရှိကြောင်း ဒေသခံအချို့ကပြောသည်။

အိမ်အနည်းစုတွင် ဗုံးခိုကျင်းများရှိသော်လည်း တခြားဒေသများ၏ အဖြစ်အပျက်များအရ ဗုံးခိုကျင်းထဲ နေသော်လည်း ထိခိုက်နိုင်ခြေရှိသဖြင့် မနေကြဘဲ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးခိုကျင်းရှိတဲ့အိမ်တွေကတော့အနည်းစုပါပဲ။ ရှိလည်း တောထဲပဲပြေးကြတာပဲ” ဟု ၄င်းကပြောသည်။

တောင်ပျောက်တိုက်နယ်သည် ကျေးရွာ ၁၀ ရွာပါဝင်သော တိုက်နယ်တစ်ခုဖြစ်ပြီး စစ်ရေးပဋိပက္ခပြင်းထန်သော ဒေသတစ်ခုဖြစ်သည်။