သတ္တုလုပ်ကွက်ရှိသည့် ပုလောမြို့နယ်၊ ဇာဒီဝင်းရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ယနေ့ (မေလ ၁၅ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
အဆိုပါဗုံးအချို့မှာ ဇာဒီဝင်းရွာအပြင်ဘက်ရှိ ဥယျာဉ်ခြံအတွင်းကျရောက် ပေါက်ကွဲခဲ့သည့်အတွက် လူနှင့်အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။
“ထိခိုက်မှုတော့ မရှိပါဘူး။ ဂျက်ဖိုက်တာနဲ့ လေးလုံးလောက် တစ်ကြိမ်တည်းကြဲသွားတာ”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးကလည်း ဇာဒီဝင်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲသည်မှာမှန်ကန်ပြီး ကြဲချသည့် ဗုံး ၄လုံးအနက် မပေါက်ကွဲသည့် ဗုံးသီးများလည်း ရှိကြောင်း ပြောဆိုသည်။
ဇာဒီဝင်းရွာတွင် ဧကတစ်ထောင်နီးပါးကျယ်သည့် သတ္တုလုပ်ကွက်ရှိသည်။
ပြီးခဲ့သည့် မေလ ၆ရက်နေ့ကလည်း ပုလောမြို့နယ်အတွင်းရှိ ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချပြီးနောက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။