BREAKING
May 15, 2025

ထားဝယ်တွင် သွေးလိုလူနာများကို ပစ်မှတ်ထား ငွေရှာသည့်အဖွဲ့ပေါ်လာ

May 15, 2025

ထားဝယ်မြို့တွင် ဆေးရုံတက်ပြီး သွေးသွင်းကုသရမည့်လူနာအချို့ ငွေကြေးပေးပြီး သွေးရှာရကြောင်း မြို့ခံများနှင့် သွေးအလှူရှင်အသင်းများထံမှ စုံစမ်းသိရှိရသည်။

ပုဂ္ဂလိကဆေးရုံ၊ အစိုးရဆေးရုံအနီးဝန်းကျင်တွင် ကျက်စားနေသည့် သွေးရှာဖွေပေးသည့် အဖွဲ့တစ်ဖွဲ့ထံ သွေးတစ်လုံး ရရှိရန်အတွက် ငွေကျပ် သိန်းဂဏန်းပေးရကြောင်း ၎င်းတို့က ပြောသည်။

မေလ ပထမပတ်အတွင်း၌ လူနာတစ်ဦးအတွက် သွေးတစ်ပုလင်းရရှိရန် အကူအညီတောင်းခံခဲ့ရာ ငွေကျပ်တစ်သိန်းကျော် ကုန်ကျခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် မြို့ခံတစ်ဦးက ဆိုသည်။

“စာအိတ်တွေနဲ့ ပေးတယ်။ (သွေးအလှူရှင်) အကြိုအပို့အတွက်၊ သွေးအလှူရှင်အတွက်၊ အသင်းအတွက် အလှူငွေ အားလုံး တစ်သိန်းကျော်တယ်” ဟု ၎င်းက ပြောဆိုသည်။

အစိုးရဆေးရုံးအပါအဝင် ဆေးရုံများတွင် လူနာများ သွေးလိုလျှင် ကိုယ်တိုင်ရှာဖွေကြရပြီး အထက်ပါအဖွဲ့ကမူ သွေးလို သူများကို လာရောက်ချိတ်ဆက်လေ့ရှိပြီး သွေးရရှိလျှင် စာအိတ်များပေးပြီး ငွေကြေးတောင်းယူကြောင်း ကိုယ်တိုင် ကြုံရသူများက ပြောသည်။

သွေးလိုအပ်သည့် လူနာပေးရသည့် ငွေကြေးမှာ စာအိတ်တစ်အိတ်လျှင် ကျပ်နှစ်သောင်းနှင့် အထက်တွင်ရှိကြောင်း စုံစမ်းသိရှိသည်။

အဆိုပါအဖွဲ့သည် ဝန်ထမ်းအချို့နှင့် ပူးပေါင်း အချိတ်အဆက်လုပ်၍ သွေးသွင်းကုရမည့် လူနာများအပေါ် ငွေကြေး တောင်းခံနေသဖြင့် ဆေးရုံတာဝန်ရှိသူများကလည်း အကြိမ်ကြိမ်သတိပေးခဲ့ဖူးကြောင်း ကျန်မာရေး ဝန်ထမ်းအသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းအဖွဲ့ ဆေးရုံအနီးဝန်းကျင်တွင် ကျက်စားနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

သွေးလှူရှင်အဖွဲ့ကဲ့သို့ အယောင်ဆောင်ထားသည့် အဆိုပါအဖွဲ့သည် ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိက ဆေးရုံများအနီးတွင့် ကျက်စားလေ့ရှိပြီး သွေးလိုအပ်သည့် လူနာများကို ပစ်မှတ်ထားလာခြင်းကြောင့် မြို့ခံသွေးလှူရှင်အဖွဲ့အစည်းများပါ လုံးထွေးပြစ်တင် ပြောဆိုခံရကြောင်း ထားဝယ်မြို့ပေါ်ရှိ သွေးအလှူရှင်အသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒါကတော့ကြားနေရတာကြာပြီ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ဆိုသလိုပဲ ဖြစ်နေတယ်။ အခုက ငွေကြေး မတတ်နိုင်တဲ့ လူနာတွေရှိတယ်၊ ငွေကြေးမပြောနဲ့ ကျွန်တော်တို့ဆီဆက်သွယ် အလှူခံလာတဲ့အခါ သွေးလှူရှင်အတွက် စရိတ်အဝဝကို အသင်းကပဲ ကျခံပေးရတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့အသင်းအနေဖြင့် လူနာရှင်က သွေးအလှူရှင်ကို စေတနာဖြင့် ကျွေးမွေးသည့် အချိုရည်ဘူးနှင့် အစားအသောက် အချို့ကလွဲ၍ ငွေကြေးတစ်စုံတစ်ရာ ရယူခြင်းမရှိသလို ယူခွင့်လည်း မပြုထားကြောင်း ၎င်းက ပြောဆိုသည်။

၂၆ ကြိမ်မြောက် သွေးလှူထားဖူးသည့် ထားဝယ်မြို့ခံသွေးအလှူရှင် အမျိုးသားတစ်ဦးကလည်း လူနာရှင်ဘက်က အားဖြည့် အစာ၊ အချိုရည်ဘူးစသည်တို့ ပေးကမ်းသည်ကို လက်ခံခြင်းကလွဲပြီး ငွေကြေးရယူခြင်းမျိုး မရှိဖူးကြောင်း ဆိုသည်။

“သွေးလှူခဲ့တဲ့သက်တမ်းတစ်လျှောက် သွေးအတွက်ဆိုပြီး ငွေပေးတာမျိုးလည်း မကြုံခဲ့ဖူးဘူး။ တကယ်ပေးရင်လည်း လက်ခံမှာလည်း မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့ပေါ်တွင် သွေးလှူရှင် အသင်းအဖွဲ့ ခြောက်ဖွဲ့ထက်မနည်းရှိပြီး လူနာရှင်၏ စေတနာဖြင့် လှူသည့် ငွေကြေးမျိုးကိုသာ လက်ခံလေ့ရှိကြောင်း သွေးလှူရှင်အသင်း တာဝန်ရှိသူအချို့က ပြောဆိုကြသည်။