BREAKING
May 15, 2025

မဟာချိုင်ရှိ မြန်မာသင်ကြားရေးစင်တာများကို ပိုမိုတင်းကျပ်၊ ဥပဒေမညီလျှင် ကျောင်းများကို ရပ်ဆိုင်းမည်ဟုဆို

May 15, 2025

ပုံစာ - ခရိုင်အတွင်း ရွှေ့ပြောင်းသင်ကြားရေးစင်တာများကို ကွင်းဆင်းစစ်ဆေးရန် မေလ ၁၃ ရက်နေ့က အစည်းအဝေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - mahachaicabletv

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသအတွင်းရှိ မြန်မာကလေးငယ်များ သင်ယူနေသော ရွှေ့ပြောင်းသင်ကြားရေး စင်တာများကို ထိုင်းအစိုးရဌာနများက ယခုစာသင်နှစ်တွင် ပိုမိုတင်းကျပ်လာကြောင်း ထိုင်းသတင်းဌာနများနှင့် သင်ကြားရေးစင်တာက ဆရာများထံမှ သိရသည်။

ခရိုင်အတွင်းရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာ (Learning Center) များကိုလည်း ဥပဒေနှင့်အညီ ဖွင့်လှစ်ထားခြင်းရှိမရှိ လာမည့် မေလ ၁၇ ရက်မှစ၍ ကွင်းဆင်းကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း စမွတ်စခွန်ခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

မေလ ၁၃ ရက်က ပြုလုပ်သော စမွတ်စခွန်အုပ်ချုပ်ရေးမှူးအပါအဝင် ပညာရေးဝန်ထမ်းများ၊ လဝကအရာရှိများနှင့် အခြားဝန်ထမ်းများ၏ အစည်းအဝေးတွင် ခရိုင်ထဲရှိ သင်ကြားရေးစင်တာများကို စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သင်ကြားရေးစင်တာများအနေဖြင့် ဥပဒေနှင့်အညီ ဖွင့်လှစ်ထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ချက်ချင်းရပ်ဆိုင်းမည် ဖြစ်ကြောင်း စမွတ်စခွန်အရာရှိများရုံးက ထုတ်ပြန်ထားသည်။

သင်ကြားရေးစင်တာများကို ခွင့်ပြုထားသည့် သတ်မှတ်အဆောက်အအုံတွင် ဖွင့်လှစ်ခြင်းမဟုတ်ဘဲ အခြားအဆောက်အအုံ တွင် ဖွင့်လှစ်ထားပါကလည်း ချက်ချင်း အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

သင်ကြားရေးစင်တာရှိ ဝန်ထမ်းများလည်း ဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ပြီး ဥပဒေနှင့်မညီပါက နေထိုင်ခွင့်ဗီဇာကို ရုပ်သိမ်းခံရကာ အမည်ပျက်စာရင်းထဲ ထည့်သွင်းခံရမည်ဖြစ်ကြောင်း ဆိုသည်။

ကလေးမိဘများအနေဖြင့် ဥပဒေနှင့်အညီ ဖွင့်လှစ်ထားသော သင်ကြားရေးစင်တာများထံတွင်သာ ကျောင်းအပ်နှံကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အခြေခံပညာရုံး၏ အချက်အလက်များအရ စမွတ်စခွန်ခရိုင်အတွင်းရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာ ၅ ခုသည် ယခုစာသင်နှစ်တွင် ဥပဒေနှင့်အညီ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

ရွှေ့ပြောင်းသင်ကြားရေးစင်တာအချို့ကို LPN ဖောင်ဒေးရှင်း၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်နေခြင်းဖြစ်ပြီး ရွှေ့ပြောင်းကလေးငယ် ၈၀၀ ခန့် သင်ယူနေခြင်းဖြစ်ကြောင်း ဆိုသည်။

Labor Protection Network (LPN) သည် စမွတ်စခွန်ခရိုင်နှင့် အခြားခရိုင်များတွင် ရွှေ့ပြောင်းအလုပ်သမားနှင့် ကလေးပညာရေးများအတွက် လေ့ကျင့်ရေးစင်တာများ ဖွင့်လှစ်သင်ကြားနေသော အဖွဲ့အစည်းဖြစ်သည်။

လက်ရှိစာသင်နှစ်တွင် ထိုင်းဘက်က ဥပဒေများဖြင့် ပိုမိုတင်းကျပ်လာသဖြင့် မဟာချိုင်ဒေသထဲရှိ မြန်မာသင်ကြားရေး စင်တာအချို့ ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ပိတ်ထားရဆဲဖြစ်ကြောင်း သင်ကြားရေးစင်တာက ဆရာများထံမှ သိရသည်။

မြန်မာကလေးငယ်များ၏ သင်ကြားရေးစင်တာအချို့ကို LPN ဖောင်ဒေးရှင်းက ကြီးကြပ်ဖွင့်လှစ်နေခြင်းဖြစ်ပြီး ယခုစာသင်နှစ်တွင် ဖောင်ဒေးရှင်းဘက်က အာမခံချက် မပေးတော့သဖြင့် သင်ကြားရေးစင်တာကို ပိတ်ထားရကြောင်း မဟာချိုင်ရှိ သင်ကြားရေးစင်တာတစ်ခုမှ ဆရာတစ်ဦးက ပြောသည်။

“အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ဖောင်ဒေးရှင်းဘက်က အာမခံမပေးတော့လို့ ကျောင်းကို ဖွင့်လို့ မရသေးဘဲဖြစ်နေတယ်။ အချို့ကျောင်းတွေက ကိုယ့်ကုမ္ပဏီထောင်ပြီး သင်ကြားရေးစင်တာ လိုင်စင်ရအောင်လုပ်ပြီး ဖွင့်ဖို့ ကြိုးစားနေကြတယ်။ အချို့ကတော့ ထိုင်းကျောင်းနဲ့ တွဲပြီး ဖွင့်နေကြပြီ။ ကျွန်တော်တို့ကျောင်းတော့ ပိတ်ထားရဆဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိ သင်ကြားရေးစင်တာကို ပိတ်ထားရဆဲဖြစ်သဖြင့် ကလေးငယ် ရာနှင့်ချီ ပညာသင်ယူခွင့် မရသေးကြောင်း ၎င်းက ပြောဆိုသည်။

မဟာချိုင်ဒေသထဲရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာများ၏ နောက်ဆက်တွဲ အခြေအနေနှင့် ထိုင်းအစိုးရဘက်က တင်းကျပ် ကန့်သတ်ချက်များ အသေးစိတ်ကို သိရှိနိုင်ရန် LPN ဖောင်ဒေးရှင်းကို ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ယခုစာသင်နှစ်တွင် ပိတ်ထားရသော သင်ကြားရေးစင်တာများက ရွှေ့ပြောင်းကလေးငယ် ၈၀၀ ခန့်အတွက် ထိုင်းကျောင်း ၄၃ ကျောင်းက ကျောင်းအပ်လက်ခံပေးရန် ထိုင်းအခြေခံပညာရေးဌာနဘက်က စီစဉ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော်လည်း ရွှေ့ပြောင်းကလေးမိဘများက ထိုင်းကျောင်းများဘက်သို့ ကျောင်းအပ်နှံရေး အကြောင်းကြားလာခြင်း မရှိကြကြောင်း ဆိုသည်။

ထို့ကြောင့် ကလေးမိဘများအနေဖြင့် သက်ဆိုင်ရာ တရားဝင်ဖွင့်လှစ်ထားသော ကျောင်းများတွင် ကျောင်းအပ်နှံကြရန် အခြေခံပညာဌာနက တိုက်တွန်းထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။