BREAKING
May 15, 2025

ငလျင်အပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၈၀ ကျော်သေဆုံးကြောင်း NLD ထုတ်ပြန်

May 15, 2025

ပုံစာ - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကျေးရွာ မေလ ၁၃ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်။

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈၀ ကျော်ရှိခဲ့ပြီး အရပ်သားပြည်သူ ၁၈၂ ဦး သေဆုံးကာ သုံးရာနီးပါးဒဏ်ရာရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ မေလ ၁၅ရက်တွင် ထုတ်ပြန်သည်။

ငလျင်လှုပ်ပြီးနောက် စစ်ကောင်စီက ဧပြီလ ၂ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ငလျင်ဒဏ်သင့် ဒေသများအပါအဝင် ဒေသအသီးသီးတွင် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်း အကျဉ်းသားများကို ညှဉ်းပမ်းနှိပ်စက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

အပစ်ရပ်ကာလ ဧပြီလ ၃ရက်မှ မေလ ၁၃ရက်အထိ တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက် ခဲ့ပြီး သေဆုံးသူများတွင် အသက် ၁၈နှစ်အောက် ၃၄ ဦးနှင့် ဒဏ်ရာရသူများတွင် ၇၆ ဦး ပါဝင်ကြောင်း NLD က ဆိုသည်။

ငလျင်ဒဏ်သင့် မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှာ လေကြောင်း တိုက်ခိုက်ခံရမှုအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လေကြောင်း တိုက်ခိုက်မှုများအနက် အဆိုးရွားဆုံး တိုက်ခိုက်မှုနှစ်ခုမှာ မေလ ၁၂ ရက် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်းကျောင်းနှင့် မေလ ၁၃ ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းရွာတို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဆရာမနှစ်ဦးနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပြီး ထွန်းရဝေရွာဟောင်းရွာ တိုက်ခိုက်ခံရမှုတွင် ကလေးငယ်များ၊ မိခင်များအပါအဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ယင်းအပြင် တိုင်းနှင့် ပြည်နယ် ၅ခုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁၅ ကြိမ်တွင် ပြည်သူ ၁၄ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရကြောင်း NLD ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ရာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် သတ်ဖြတ်မှုများကြောင့် ပြည်သူ နှစ်ရာနီးပါးသေဆုံးခဲ့ကြောင်း NLD က ဆိုသည်။

စစ်ကောင်စီသည် မေလ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများကိုပါ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။