BREAKING
May 15, 2025

ရေဖြူဒေသထွက် အုန်းသီး စျေးနှစ်ဆတက်

May 15, 2025

ပုံစာ - ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်က အုန်းသီးအရောင်းအဝယ်လုပ်ငန်းတစ်ခု (ပုံဟောင်း)။ ဓာတ်ပုံ - ဒေသခံတစ်ဦး။

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်ရှိ ဒေသထွက်အုန်းသီးအရောင်းစျေးကွက်တွင် ယခုနှစ်ဆန်းမှစ၍ အုန်းသီးစျေး တဖြည်းဖြည်း မြင့်တက်နေကြောင်း အုန်းသီးခြံရှင်များနှင့် အုန်းသီးအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အုန်းသီးတစ်လုံး ကျပ်နှစ်ထောင်ဝန်းကျင် စျေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်လေးထောင် စျေးရရှိကြောင်း အုန်းသီးကုန်သည်များက ပြောသည်။

အုန်သီးဝယ်ယူသူများလာခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် အုန်းသီးအထွက်နည်းခြင်းတို့ကြောင့် အုန်းသီးစျေးတက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“နွေမှာနှစ်ကြိမ် မိုးမှာနှစ်ကြိမ် အုန်းသီးခူးကြတယ်။ ပုံမှန် နွေနှစ်ကြိမ်မှာ အုန်းသီးပေါတယ်။ မိုးနှစ်ကြိမ်မှာ အုန်းသီး ရှားတယ်။ အခုနှစ်က ရာသီဥတုအခြေအနေနဲ့ နွေတစ်ကြိမ်ခူးလိုက်ကတည်းကကို အုန်းသီးက မရှိတော့ဘူး” ဟု ရေဖြူမြို့နယ်၊ ဖောင်းတောရွာမှ အုန်းသီးအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

ကံပေါက်ဒေသတွင် အုန်းသီးကို ဖောင်းတော၊ သဲချောင်းနှင့် ဇာဒီကျေးရွာအုပ်စုများရှိ အုန်းသီးခြံများထံမှ အဓိက ဝယ်ယူရပြီး ဝယ်စျေး ကျပ်သုံးထောင်ဖြင့် ဝယ်ရကာ အရောင်းစျေး ကျပ်လေးထောင်ဖြင့် ပြန်ရောင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အုန်းသီးကို မန္တလေးမြို့ရှိ ထိုးမုန့်လုပ်ငန်းများနှင့် ကွမ်းယာပစ္စည်းလုပ်ငန်းများအတွက် ဝယ်လက်များမှ တိုက်ရိုက် လာဝယ်ကြကြောင်း အုန်းသီးခြံရှင်များက ဆိုသည်။

ယင်းသို့လာရောက်ဝယ်ယူရာတွင် ပစ္စည်းတင်ပို့ခွင့် မျောစာတစ်စောင်လျှင် ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ပြုလုပ်ရပြီး ယင်းမျောစာ၏ သက်တမ်းမှာ ရက်သတ္တပတ်သာ သက်တမ်းရှိသည်ဟု ကားသမားများ၏ ပြောပြချက်ကို ကိုးကား၍ အုန်းသီးအရောင်းအဝယ်ပြုလုပ်သူများက ပြောဆိုသည်။

အုန်းသီး အလုံးလိုက် စျေးကောင်းသဖြင့် အုန်းသားခြောက်ပြုလုပ်သူလည်း နည်းပါးသွားကြောင်း အုန်းသားခြောက်ဝယ်သည့် ဒေသခံပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ထားဝယ်မြို့ပေါ်စျေးကွက်တွင်လည်း အုန်းသီးတစ်လုံး ကျပ်လေးထောင်ဝန်းကျင်စျေးရှိနေပြီး အုန်းသီးဖြင့် လုပ်ရသည့် မုန့်လုပ်ငန်းအချို့ ရပ်နားထားဆဲဖြစ်ကြောင်း ထားဝယ်မြို့က အုန်းသီးခြစ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အုန်းသီးက သီတင်းကျွတ်တုန်းက တစ်လုံး ငါးထောင်အထိဖြစ်ပြီး အခု လေးထောင်ပြန်ဖြစ်နေတယ်။ ဒါပေမဲ့ မုန့်လုပ်သူတွေ ထက်ဝက်လောက်က ပြန်မလုပ်ဖြစ်ကြတော့ဘူး။ ပြန်လုပ်ရောင်းသူတွေကလည်း မုန့်တွေ စျေးတင်ရောင်းရတာမျိုးရှိတယ်” ဟု ၎င်းက ဆိုသည် ။

ယခုနှစ် သင်္ကြန်ကာလတွင် မြိတ်နှင့် ဘုတ်ပြင်းမြို့များတွင်လည်း အုန်းသီးရှားပါးသဖြင့် အုန်းသီး တစ်လုံးကျပ် ငါးထောင်အထိ စျေးတက်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည် ။