BREAKING
November 3, 2025

ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ချန်ပီယံမဖြစ်ခဲ့ပါက ဖိအားများသွားနိုင်ဟု မန်ယူနည်းပြဆို

May 15, 2025

မန်ယူနည်းပြ အေမိုရင် သည် အသင်းကစားသမားများကို ယူရိုပါလိဂ်၌ ချန်ပီယံဆုဖလားရရှိရန် အရေးကြီးကြောင်း သတိပေးစကားပြောကြားလိုက်ပြီး အကယ်၍ ယူရိုပါလိဂ်တွင် ချန်ပီယံမဖြစ်ခဲ့ပါက ဖိအားများသွားဖွယ်ရှိနိုင်ကြောင်း အေမိုရင်က အသိပေးသွားခဲ့သည်ဟု Live Score က ဖော်ပြထားသည်။

မန်ယူနှင့် စပါးတို့သည် ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံးသော ရပ်တည်မှုအခြေအနေနှင့် ရာသီသိမ်းရဖွယ်ရှိနေပြီး ယင်းအတွက် ရှေ့လာမည့်ဘောလုံးရာသီ၌ ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရနိုင်ရန် ယူရိုပါလိဂ်ဖလား ဆွတ်ခူးရရှိရေးမှာ လွန်စွာ အရေးကြီးနေပြီဖြစ်သည်။

မန်ယူသည် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးကာ ဆုဖလားလက်မဲ့ဖြစ်ခဲ့မည်ဆိုပါက ပရီးမီးယားလိဂ်ရပ်တည်မှုအခြေအနေများအရ စပွန်ဆာဝင်ငွေများစွာကို လက်လွှတ်ဆုံးရှုံးရတော့မည်ဖြစ်ပြီး ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့် မရရှိခဲ့ပါက နောက်ဆက်တွဲအဖြစ် ထိပ်တန်းအဆင့် ကစားသမားသစ်များ ခေါ်ယူရရှိနိုင်ရေးမှာ လွန်စွာ ခက်ခဲသွားတော့မည်ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲတွင် မန်ယူသည် ရှုံးပွဲမရှိအနေအထားဖြင့် ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းရောက်ရှိလာခဲ့ခြင်းဖြစ်ကာ လက်ရှိဘောလုံးရာသီ၌ ပြိုင်ပွဲအရပ်ရပ်တွင် အနိုင်မရထားသော စပါးကို ရင်ဆိုင်ရမည်မှာလည်း မန်ယူ၏ထူးခြားချက်ဖြစ်နေသည်။

“အသင်းက နေရာတိုင်းမှာ လိုအပ်ချက်တွေရှိနေတာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင်မရလို့ မဖြစ်ပါဘူး။ ယူရိုပါလိဂ်ချန်ပီယံအဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ကျွန်တော်တို့ အရယူနိုင်ဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်ရပ်တည်မှုကြောင့် ပြင်းထန်လှတဲ့ဝေဖန်မှုတွေကို ကျွန်တော်တို့ ခံနေရပြီးပါပြီ။ တကယ်လို့ ယူရိုပါလိဂ်မှာ ချန်ပီယံမဖြစ်ခဲ့ရင် ကျွန်တော်တို့ရင်ဆိုင်ရမယ့်ဖိအားက အရမ်းအရမ်းကို များသွားပါလိမ့်မယ်”ဟု မန်ယူနည်းပြ အေမိုရင်က ပြောကြားထားသည်။

Source: Live Score