BREAKING
May 15, 2025

သီရိလင်္ကာတွင် ဘတ်စ်ကားမောင်းသူများကို အေအိုင်စနစ်ဖြင့် စောင့်ကြည့်မည်

May 15, 2025

ပုံစာ - တနင်္ဂနွေနေ့က ဘုရားဖူးကား ချောက်ထဲပြုတ်ကျသွားခဲ့သည့် နေရာ ။ ဓာတ်ပုံ - AP

သီရိလင်္ကာနိုင်ငံတွင် ဘတ်စ်ကားမောင်းသူများကို AI နည်းပညာဖြင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များတွင် ခါးပတ် မဖြစ်မနေတပ်ရေး ဥပဒေပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း အစိုးရဝန်ကြီးတစ်ဦးက မေလ ၁၄ ရက်တွင် ပြောသည်။

ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးရွားဆုံး ယာဉ်မတော်တဆမှုကြောင့် မေလ ၁၁ရက် တနင်္ဂနွေနေ့က လူ ၂၃ ဦး သေဆုံးခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှ လူ ၃၀၀၀ ခန့် သေဆုံးလျက်ရှိသည်။ သီရိလင်္ကာရှိ လမ်းများမှာ ကမ္ဘာ့အန္တရာယ်အရှိဆုံး လမ်းများထဲတွင် ပါဝင်နေသည်။

လာမည့်နှစ်မှစ၍ ဘတ်စ်ကားများတွင် ယာဉ်မောင်းသူစောင့်ကြည့်ရေးစနစ်များ တပ်ဆင်သွားမည်ဖြစ်ပြီး အများသုံး ယာဉ်များတွင် ခါးပတ် မဖြစ်မနေ တပ်ရမည် ဖြစ်ကြောင်း သီရိလင်္ကာအစိုးရ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောသည်။

ယာဉ်မောင်းများတွင် ပိုမိုကောင်းမွန်သည့် ယာဉ်မောင်းနှင်မှု အလေ့အထများ ရရှိစေရန်နှင့် မော်တော်ယာဉ် လုံခြုံရေးစံနှုန်းများ မြှင့်တင်ရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

“လာမယ့်နှစ်ကစပြီး ဘတ်စ်ကားအားလုံးမှာ AI နည်းပညာသုံး ယာဉ်မောင်းစောင့်ကြည့်စနစ်တွေ မဖြစ်မနေ တပ်ဆင် သွားစေမှာ ဖြစ်ပါတယ်။ အဝေးပြေး ကုန်ကားအားလုံးမှာလည်း တိုးချဲ့တပ်ဆင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တနင်္ဂနွေနေ့တွင် ဗုဒ္ဓဘာသာဝင်ဘုရားဖူးများ အပြည့်အသိပ်တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျကာ ခရီးသည် ၂၃ ဦး သေဆုံးခဲ့ရပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မတော်တဆမှုအကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ကနဦးစစ်ဆေးမှုများအရ ယာဉ်မောင်း၏ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိခဲ့ရခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

တနင်္ဂနွေနေ့က ယာဉ်မတော်တဆမှုသည် ၂၀၀၅ ခုနှစ်နောက်ပိုင်းကတည်းက သီရိလင်္ကာ၌ လူအသေအပျောက်အများဆုံး ယာဉ်မတော်တဆမှု ဖြစ်သည်။

အစိုးရပိုင်ဘတ်စကားသည် တင်ဆောင်နိုင်သည့် လူဦးရေ ၂၀ ထက် ကျော်လွန်၍ ခရီးသည် ၇၇ ဦးကို တင်ဆောင်လာခဲ့ရာမှ ချောက်ထဲပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

ယင်းမတော်တဆမှုကြောင့် ခရီးသည် ၄၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

၂၀၂၁ ခုနှစ် မတ်လတွင်လည်း ယခု ယာဉ်မတော်ဆမှုဖြစ်သည့် နေရာ၏ အရှေ့ဘက် ၁၀၀ ကီလိုမီတာအကွာတွင် ပုဂ္ဂလိကပိုင် ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျပျက်စီးကာ ခရီးသည် ၁၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးခဲ့သည်။

Source: AFP/ec