ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်ကို ဒရုန်းဗုံးဖြင့် ထပ်မံတိုက်ခိုက်

March 15, 2026

ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်ကို ယနေ့ မတ်လ ၁၅ရက် နံနက်ပိုင်းတွင် ဒရုန်းထပ်မံ ဗုံးချတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ (၃၃/၃၄) ထံမှ သိရသည်။

အဆိုပါဗျူဟာ လက်အောက်ရှိ တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း မဟာမိတ်ဆက်ဆံရေးတာဝန်ခံက ပြောသည်။

“PDF တွေ ဒရုန်းနဲ့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး” ၎င်းက ပြောဆိုသည်။

ဒရုန်းဗုံး ပေါက်ကွဲပြီးနောက် လက်နက်ကြီး ပစ်ခတ်သံများ ကြားရကြောင်း တံတားအနီးနေထိုင်သူများနှင့် လမ်းသွားလမ်းလာများထံမှ သိရသည်။

“အခုတစ်ခါ ပေါက်ကွဲသံ နည်းနည်းပိုကြမ်းတယ်။ ရှမ္မလည်ဆွဲ (မြို့ပေါ်ရပ်ကွက်) အထိ ပေါက်ကွဲသံကြားရတယ်။ ပြီးမှ လက်နက်ကြီးသံတွေ ကြားရတယ်” ဟု တံတားအနီးနေထိုင်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းပိတ်ခြင်း၊ အစစ်အဆေးတင်းကျပ်ခြင်း မရှိခဲ့သော်လည်း အသွားအလားနည်းပါး သွားကြောင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် ဂိတ်ကိုဖြတ်သန်းခဲ့သည့် ထားဝယ်မြို့ခံတစ်ဦးက ဆိုသည်။

ပေါက်တိုင်းတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ (၃၃/၃၄) လက်အောက်ရှိ တော်လှန်ရေး တပ်များက မတ်လ ၇ရက်နှင့် မတ်လ ၁၀ရက်တို့တွင်လည်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း အဆိုပါဗျူဟာထံမှ သိရသည်။

ကိုးရက်တာ ကာလအတွင်း တော်လှန်ရေးတပ်များက ဒရုန်းဖြင့် သုံးကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၇ ရက် နံနက်ပိုင်းက ဗုံးချမှုတွင် စစ်ဆေးရေးဂိတ် ဘန်ကာအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း မျက်မြင်တွေ့ရသည့် ခရီးသွားများက ပြောဆိုသည်။

ပေါက်တိုင်းတံတားသည် သရက်ချောင်းမြို့ဘက်မှ ထားဝယ်မြို့သို့ ဝင်သည့် မြို့အဝင် တံတားဖြစ်ပြီး မြိတ်-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိသည်။