ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်ရှိ ဆီဆိုင်ကြီးများ၌ ဝယ်ယူရခက်သဖြင့် ကုန်စုံဆိုင်များတွင် စက်သုံးဆီ စျေးကြီးပေးဝယ်နေရ

March 15, 2026

ဓာတ်ပုံ - Dawei Watch

မြိတ်မြို့ ဆီဆိုင်ကြီးများတွင် စက်သုံးဆီဝယ်ယူရာ၌ စုံ၊မ ခွဲခြားသည့်စနစ်ဖြင့် ရောင်းချနေသည့်အပြင် အချိန်ကြာမြင့်စွာတန်းစီဝယ်ယူနေရသဖြင့် ကုန်စုံဆိုင်များတွင် စျေးကြီးပေးဝယ်သုံးနေရကြောင်း မြို့ခံများထံမှ သိရသည်။

မတ်လ ၁၀ ရက်နေ့ကစပြီး စုံ၊မခွဲခြားသည့်စနစ်ဖြင့် စတင်ရောင်းချခဲ့ပြီး တန်းစီရချိန်ကြာမြင့်သည့်အတွက် ရပ်ကွက်အတွင်း ကုန်စုံဆိုင်များတွင် သွားရောက်ဝယ်ယူကြခြင်းဖြစ်ကြောင်း မြိတ်မြို့ မြိတ်တောင်ရပ်နေ မြို့ခံတစ်ဦးကဆိုသည်။

“တန်းစီးရတာက အချိန်တအားကုန်တယ်။ကိုယ့်အလှည့်ကျဖို့ စောင့်ရတာရယ် စုံနေ့ မနေ့ ခွဲနေတာတွေရယ် စိတ်ရှုပ်တာလည်းပါတယ်။အလုပ်ကလည်းတစ်ဖက်ဆိုတော့ စိတ်ရှုပ်မခံချင်တာပါ။အိမ်‌ဆိုင်တွေများဆို ကိုယ်အားတဲ့အချိန် သွားထည့်ထားရုံပဲ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြိတ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် 95 အမျိုးအစားဓာတ်ဆီ တစ်လီတာလျှင် ၃၇၀၀ ကျပ် ဝန်းကျင်ရှိပြီး နေအိမ်ကုန်စုံဆိုင်များတွင် တစ်လီတာ ကျပ် ၆၀၀၀ ဝန်းကျင် ဈေးပေါက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

စက်သုံးဆီဆိုင်များထက် ဈေးများသော်လည်း တန်းမစီလိုသည့် မြို့ခံများက လာရောက်ဝယ်ယူသည့်အတွက် ရောင်းအားက အရင်ထက် နှစ်ဆခန့်ပိုများလာကြောင်း မြိတ်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဈေးကွာဟမှုတွေတော့ရှိတယ်။ကုန်စုံဆိုင်ဖြစ်တော့ ဓာတ်ဆီကို ဟိုအရင်ကတည်းကရောင်းလာတာ။ဆီပန့်တွေနဲ့ သီးသန့်ထည့်ပြီး‌ရောင်းပေးတာမျိုး မဟုတ်ဘူး။ ဘူးနဲ့ထည့်ပြီး စင်နဲ့တင်ပြီးရောင်းတယ်”ဟု ၎င်းက ဆိုသည်။

နေ့စဉ်အလုပ်သွားလာနေရသည့် နိုင်ငံ့ဝန်ထမ်းများ ၊ ပုဂ္ဂလိကရုံးဝန်ထမ်းများနှင့် နေ့စဉ်ကျောင်းကြိုပို့နေရသည့် ကျောင်းသားမိဘများက အဓိကလာရောက်ဝယ်ယူကြကြောင်း အထက်ပါ ကုန်စုံဆိုင်ပိုင်ရှင်က ပြောသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲဂယက်ကြောင့် တနင်္သာရီတိုင်းအတွင်း စက်သုံးဆီဝယ်ယူရခက်ခဲနေကြပြီး ဈေးလည်း အဆပေါင်းများစွာမြင့်တက်နေသည်။