ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုတ်ပြင်းရှိ ရွာဟေ့လူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်မှုရှိဟုဆို

February 15, 2026

ဘုတ်ပြင်းမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ရွာဟေ့လူရွာအခြေစိုက် စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်း တပ်တို့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘုတ်ပြင်းပကဖထံမှ သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ရွာဟေ့လူကျေးရွာရှိ ထိုင်းမြန်မာနယ်စပ်တွင် စစ်အာဏာရှင်တပ်ကို သွားရောက်ပစ်ခတ်ရာက မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးကျတယ်။စကစတွေဘက်မှာတော့ ကျွန်တော်တို့မျက်မြင် နှစ်ဦးသေဆုံးနေတာ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ ကျဆုံးတဲ့ရဲဘော်ကို သယ်ပြီးကျွန်တော်တို့လည်း တပ်ပြန်ဆုတ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ထိုင်း-မြန်မာနယ်စပ်ရှိ ရွာဟေ့လူရွာတပ်စခန်းကို ဘုတ်ပြင်းပကဖ၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်း တပ်ခွဲ ၂ နှင့် KTLA(ဗိုလ်ချုပ်မြအထူးတပ်ရင်း)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရွာဟေ့လူကျေးရွာမှာ ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်(Chumphon)ခရိုင်နှင့် ကပ်လျက်တည်ရှိပြီး ထိုင်း-မြန်မာနယ်စပ်တွင် စစ်အာဏာရှင်တပ်က စခန်းအခိုင်အမာ တည်ဆောက်ထားသည်။