တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်များနှင့် နီးစပ်သူတို့က ပြောသည်။
မြိတ်မြို့မှ လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် လယ်သစ်ရွာသို့ ဝင်ရောက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်တွင် မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၄ ရက်အထိ လယ်သစ်ရွာတွင် တပ်စွဲထားဆဲဖြစ်သဖြင့် နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးသည်ကို ဒေသခံများ သွားရောက် မကြည့်ရှုနိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။
“ဘယ်လောက်လောင်သွားလဲတော့ မသိဘူး။ အများကြီးပဲနေမယ်။ မီးခိုးတွေ အများကြီး တက်နေတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လယ်သစ်ရွာ အနောက်ကမ်းတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံများ ကျေးရွာမှ ပြောင်းရွေ့နေရသည်မှာ လေးနှစ်ကျော်ပြီဖြစ်ကြောင်း ဒေသခံအခြားတစ်ဦးက ပြောသည်။
“ရွာထဲမှာ လူမနေတာနှစ်နဲ့ချီပြီ။ မီးလောင်နေတာ သွားငြှိမ်းမရဘူး။ ရွာထဲမှာ စစ်သားတွေရှိနေတယ်” ဟု ၎င်းက ဆိုသည်။
ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင်မူ လယ်သစ်ရွာတွင် စစ်အာဏာရှင်တပ် မီးရှို့မှုကြောင့် နေအိမ် တစ်ရာကျော် ပျက်စီးကြောင်း ထုတ်ပြန်ထားသည်။
လယ်သစ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၁၁ရက်နေ့ကလည်း လယ်သစ်ရွာအနီးရှိ ပန်းတောမော်ရွာကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့်ဗုံးချသဖြင့် အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးကြီးတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။







