ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြန်မာ့ဇီဝ တံတိုင်းပြိုလဲခြင်း

February 15, 2026

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းရှိ သိန္ဓောကျေးရွာရှိ မြေတွင်းကြီးဖြစ်နေသည့် သတ္တုမိုင်းတစ်ခုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတွေ့ရစဉ်။

By Dawei Watch & Lighthouse Reports

This story was supported by the Pulitzer Center Rainforest Reporting Grant.
This story was produced with support from the Environmental Reporting Collective (ERC).

သိန္ဓောရွာမှ ကြိုဆိုပါသည်။ ရွာကိုဖြတ်ပြီး ဆိုင်ကယ်ဖြင့် ၈ မိနစ်ခန့်သွားလိုက်ချိန်တွင် တွင်းကြီးများ မြေစာပုံကြီးများကို အနီးကပ်မြင်လိုက်ရသည်။ ပေ ၄၀ ကျော်ခန့် နက်သည့် ချိုင့်ခွက်ကြီးများကလည်း အစီအရီ၊ သစ်ပင်မရှိတော့သည့် တောင်ကတုံးများကလည်း ဝန်းရံလျက်ရှိနေသည်။

တနင်္သာရီအမျိုးသားဥယျာဉ်ထဲတွင်တည်ရှိသည့် သိန္ဓောရွာသည် ယခင်ဥယျာဉ်ခြံစိုက်ပျိုးမှုဖြင့် အသက်မွေးကြသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် တစ်ရွာလုံးနီးပါး ခဲမိုင်းတူးသူများ အဖြစ် အသွင်ပြောင်းကုန်ကြသည်။

နံနက်စောစော ရောင်ခြည်နုနုအောက်တွင် အမျိုးသမီးများနှင့် ကလေးများမှာ ကျောက်တုံးများထည့်ရန် ပုံးအဝါများနှင့် ဂုန်နီအိတ်များကို နောက်ကျောတွင် ပိုးပြီး တရွေ့ရွေ့သွားနေသည်ကို မြင်နိုင်သည်။

သူတို့သယ်ဆောင်လာသော ပုံးများထဲတွင် ပေါက်ချွန်းအသေး၊ တူ၊ ထမင်းနှင့် ရေဘူးတို့ပါသည်။ ခဲယင်းသည့် သံဗန်းနှင့် ကျောက်စ ထည့်မည့်အိတ်များလည်း သယ်လာသည်။

ခဲမိုင်းများမှာ အလွယ်တကူလုပ်ကိုင်နိုင်သလို ချက်ချင်းငွေမြင်ရသည်။ ထိုကြောင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းထက် ခဲမိုင်းလုပ်ကိုင်သူများလာခြင်းလည်းဖြစ်သည်။

သိန္ဓောရွာချောင်းတစ်လျှောက်တွင်လည်း ခဲလုပ်ကွက်များရှိနေပြီး မြေကုတ်စက်များဖြင့် လုပ်ကွက်အသစ်များ တူးဖော်နေကြသည်။ ယင်းချောင်းရေမှာ ယခင်က သောက်သုံးရေနှင့် အပင်များရေလောင်းရန်အတွက် အဓိကကျသည်။ ယခုချိန်တွင် ရေမှာ ရွှံ့ရောင်ကဲ့သို့ဖြစ်နေပြီး ရေမစီးတော့ဘဲ ငြိမ်နေသည်။

“အရင်က စိမ်းလန်းစိုနေပေါ့။ အခုကတော့ ဘယ်လိုပြောမယ်။ မြေပုံစာဖြစ်ပြီ” ဟုသိန္ဓောရွာတွင် နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် ဒေသခံအမျိုးသမီးကဆိုသည်။

သိန္ဓောကျေးရွာက ထိုင်း-မြန်မာနယ်စပ်မျဉ်းမှ အဖြောင့်တိုင်းပါက ကီလိုမီတာ ၃၀ ခန့်အကွာတွင်ရှိပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် အဆိုပြုခံထားရသော တနင်္သာရီအမျိုးသားဥယျာဉ်အတွင်း တည်ရှိသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းရှိ ခဲမိုင်းများမှထွက်သော ခဲသတ္တုများမှာ နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေကြခြင်းဖြစ်သည်။

တနင်္သာရီအမျိုးသားဥယျာဉ်မှာ တနင်္သာရီတိုင်းတွင်ရှိသော အကြီးဆုံးကာကွယ်တော တစ်ခုဖြစ်ပြီး အပူပိုင်းမိုးသစ်တောကြီး ဖြစ်ခြင်းကြောင့် ဇီဝမျိုးကွဲမျိုးစုံ ပေါက်ရောက်ရှင်သန်ရာ သစ်တောကြီးလည်းဖြစ်သည်။

ကာကွယ်တောဟု အမည်တပ်ထားသော်လည်း သတ္တုမိုင်းများ၊ ဆီအုန်းတောများ၊ သစ်ခိုးထုတ်မှုများကြောင့် သစ်တောဆုံးရှုံးမှု အလွန်များပြားနေသော ဧရိယာတစ်ခုလည်းဖြစ်နေသည်။

အလုံးစုံ စစ်အာဏာရှင် စနစ်မှ အသွင်ပြောင်းခဲ့သည့် ၂၀၁၀ မှစကာ မြန်မာနိုင်ငံတွင် သစ်တောဆုံးရှုံးမှုများ သိသိသာသာပိုများလာသည်။ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီး ချိန်တွင်လည်း ကာကွယ်တောများအတွင်း သစ်တောဆုံးရှုံးမှုမှာ ဆက်ရှိနေသည်။

မြန်မာနိုင်ငံ၏ ကာကွယ်တောများအတွင်း သစ်တောဆုံးရှုံးမှုကို တိုင်းတာကြည့်ရာတွင် ၁၄ နှစ်တာအတွင်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့၏ နှစ်ဆခွဲခန့်နှင့် ညီမျှသော ပမာဏ ပြုန်းတီးသွားပြီဖြစ်သည်။

မြန်မာနိုင်ငံရှိ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ကာကွယ်တောများနှင့် နှိုင်းယှဉ်ပါက တနင်္သာရီတိုင်းအတွင်းရှိ ကာကွယ်တောများသည် သစ်တောဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကာကွယ်တောများတွင် ပြုန်းတီးသွားသော သစ်တော ၅ ဧကတိုင်းတွင် ၂ ဧကကျော်မှာ တနင်္သာရီတိုင်းမှဖြစ်သည်။

ယင်းတွေ့ရှိချက်များသည် Lighthouse Reports နှင့် Dawei Watch တို့၏ ခြောက်လကြာ လေ့လာဆန်းစစ်မှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။ မေရီလန်းတက္ကသိုလ် မှ ထုတ်ပြန်သော ဂြိုဟ်တုအခြေပြု သစ်တောပြုန်းတီးမှုဆိုင်ရာ အချက်အလက်များကို အသုံးပြု၍ ကာကွယ်တောများအတွင်း သစ်တောဆုံးရှုံးမှု ပမာဏကို တွက်ချက်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် အချက်အလက်များတွင် မပါဝင်နိုင်သည့် အသေးစိတ်အကြောင်းအရာများကို သိရှိနိုင်ရန် သက်ဆိုင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ကွင်းဆင်းသတင်းယူခြင်းများဖြင့် အချက်အလက်များကို ချိန်ညှိခဲ့ကြသည်။

“ဒီလေ့လာမှုအတွက် ဘေးမဲ့တော/ကာကွယ်တော (PA) တွေကို အခြေခံထားတာဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ ချဉ်းကပ်မှုတစ်ခုပါ။ ဘာလို့လဲဆိုတော့ သီအိုရီအရ ဒီနယ်မြေတွေဟာ ပိုမိုမြင့်မားတဲ့ အကာအကွယ်ပေးမှု အဆင့်အတန်းရှိရမယ့် နေရာတွေ ဖြစ်လို့ပါပဲ။ ဒါကြောင့် ကာကွယ်တောတွေအတွင်း သစ်တောပြုန်းတီးနေတာဟာ ဥပဒေစိုးမိုးရေးနဲ့ စီမံအုပ်ချုပ်မှုပိုင်း ကျရှုံးနေတယ်ဆိုတာကို ပြသနေတဲ့ ပိုမိုခိုင်မာတဲ့ အညွှန်းကိန်းတစ်ခု ဖြစ်နိုင်ပါတယ်” ဟု မြန်မာနိုင်ငံရှိ သစ်တောဆိုင်ရာ ပြစ်မှုများကို စုံစမ်းစစ်ဆေးနေသည့် ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) မှ သစ်တောအဖွဲ့အကြီးအကဲ Faith Doherty က ပြောကြားသည်။

“ကာကွယ်တောတွေဟာ တန်ဖိုးမြင့်မားတဲ့ သို့မဟုတ် မပျက်မစီးဘဲ နဂိုအတိုင်းရှိနေတဲ့ သစ်တောတွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ တည်ရှိရာနေရာဖြစ်လို့ အဲဒီနေရာတွေမှာ ဆုံးရှုံးမှုဖြစ်တာဟာ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ဂေဟစနစ်အပေါ် အလွန်ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်” ဟု ၎င်းက အီးမေးလ်မှ တစ်ဆင့် ဖြေဆိုသည်။

တစ်ဖက်တွင်လည်း ယခုစုံစမ်းစစ်ဆေးမှုတွင် အသုံးပြုထားသည့် အချက်အလက်များသည် သစ်တော ရှိ၊ မရှိကိုသာ တိုင်းတာနိုင်ပြီး၊ အဘယ်ကြောင့် ပျက်စီးသွားသည်၊ မည်သို့ ပျက်စီးသွားသည်၊ မည်သည့်အရာများနှင့် အစားထိုးလိုက်သည် ဆိုသည်ကိုမူ ဖော်ပြနိုင်ခြင်းမရှိနိုင်ဟု သတိပေးပြောဆိုသည်။

Kyoto University of Advanced Science က ပတ်ဝန်းကျင်နှင့်ဇီဝသယံဇာတဆိုင်ရာ သုတေသီ ကိုငြိမ်းချမ်းကလည်း အထက်ပါအချက်ကို ထောက်ခံခဲ့ပြီး တနင်္သာရီတိုင်းရှိ သစ်တောများ၏ ထူးခြားသော အရေးပါမှုကို အလေးပေး ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီကကျတော့ အီကွေတာနဲ့နီးတဲ့ Ecosystem (ဂေဟစနစ်) တစ်ခုအနေနဲ့ ဒါတကယ်ကို ထူးခြားတဲ့ ဝိသေသလက္ခဏာတွေ ရှိနေတယ်။ အပူပိုင်းမိုးသစ်တော တွေရှိတဲ့အပြင် ကမ်းရိုးတန်း ဒီရေတောတွေလည်း ရှိနေပါတယ်။ အပူပိုင်းမိုးသစ်တောတွေက ဇီဝမျိုးကွဲမျိုးစုံ ပေါကြွယ်ဝတဲ့အတွက် အရမ်းအရေးကြီးပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဇီဝမျိုးစုံတို့၏ ခံတပ်

“တနင်္သာရီတိုင်းသည် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ခံတပ်လို့ ပြောလို့ရတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန် အကောင်အရေအတွက် ၁၀၀ မှာ ၈၀ ရှိတယ်ဆိုလို့ရှိရင် ဒီအပူပိုင်းမိုးသစ်တော ဖြစ်တဲ့အတွက်ကြောင့် ၅၀ ရာခိုင်နှုန်းထိ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ ရှိတယ်ဗျ”ဟုမြိတ်ခရိုင်ရှိ သစ်တောကြိုးဝိုင်းများအတွင်း ကွင်းဆင်းသုတေသန ပြုလုပ်နေသည့် အမည်မဖော်လိုသူ ဇီဝဗေဒသုတေသီတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းရှိ ကာကွယ်တောများတွင် နို့တိုက်သတ္တဝါမျိုးစိတ် များစွာရှိပြီး မှတ်တမ်းတင်ကင်မရာဖြင့် ရိုက်ကူးရရှိသည့် အချက်အလက်များအရ နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၇၀ ဝန်းကျင်အထိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

တနင်္သာရီတိုင်းတွင် ကာကွယ်တော ဧက ၅.၂ သန်းကျော်ရှိသည်။ ဧက ၅.၈ သန်းခန့်ရှိသော ကချင်ပြည်နယ်ပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်မှစ၍ တနင်္သာရီတိုင်းရှိ ကာကွယ်တောများ၏ သစ်တောဆုံးရှုံးမှုမှာ ကချင်ပြည်နယ်တွင် ဆုံးရှုံးသည်ထက် နှစ်ဆပိုများနေသည်။

မြန်မာနိုင်ငံရှိကာကွယ်တောများထဲတွင် အမျိုးသားဥယျာဉ်များမှာ စုစုပေါင်း ဧရိယာ ဧက ၂.၄ သန်းကျော် ရှိပြီး တနင်္သာရီတိုင်းတွင် ဧက ၁.၈ သန်းကျော်ရှိသဖြင့် အမျိုးသားဥယျာဉ် ဧရိယာအားလုံး၏ လေးပုံသုံးပုံမှာ တနင်္သာရီတိုင်း၌ရှိကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်တော အမျိုးအစား ၁၂ ခုရှိသည့်အနက် တနင်္သာရီတိုင်းတွင် အမျိုးသားဥယျာဉ်၊ သဘာဝကြိုးဝိုင်း၊ National Park and ASEAN Heritage Park (အာဆီယံ အမွေအနှစ်ဥယျာဉ်) အဏ္ဏဝါအမျိုးသားဥယျာဉ် တို့ရှိသည်။

၂၀၁၀ ခုနှစ်မှ ယနေ့အထိ အုပ်စိုးသူ အစိုးရသုံးဆက်ကို နှိုင်းယှဉ်၍ သစ်တောဆုံးရှုံးမှုကို လေ့လာကြည့်ရာတွင် အစိုးရလက်ထက်တစ်ခုစီတိုင်းတွင် သစ်တောဆုံးရှုံးမှုနှုန်း မြင့်မားလာနေကြောင်း တွေ့ရသည်။

လေ့လာတွေ့ရှိချက်အရ တနင်္သာရီတိုင်းဒေသကြီးရှိ ကာကွယ်တောများတွင် တနင်္သာရီအမျိုးသားဥယျာဉ်မှာ သစ်တောဆုံးရှုံးမှု အများဆုံးဖြစ်နေပြီး အဆိုးဆုံးနေရာမှာ သိန္ဓောကျေးရွာအုပ်စု တည်ရှိသည့် အမျိုးသားဥယျာဉ် အောက်ပိုင်းဧရိယာတွင် ဖြစ်သည်။

အမျိုးသားဥယျာဉ် အောက်ပိုင်းဧရိယာမှာ ကြံ့ခိုင်ရေးပါတီ အစိုးရ၊ အမျိုးသားဒီမိုကရေစီ(NLD)ပါတီ အစိုးရနှင့် လက်ရှိအာဏာသိမ်းစစ်အုပ်စု လက်ထက်တို့၌ သစ်တောဆုံးရှုံးမှု အများဆုံးလည်းဖြစ်သည်။

နိုင်ငံရေးအပြောင်းအလဲကြား ဆုံးရှုံးနေဆဲ သစ်တောများ

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်း သစ်တောဆုံးရှုံးမှုသည် ကြံ့ခိုင်ရေး အစိုးရခေတ်မှ စတင်၍ အရှိန်အဟုန်မြင့် လာသည်ကို တွေ့ရှိရသည်။ အမျိုးသားဥယျာဉ်အတွင်း ၂၀၁၁ ခုနှစ်တွင် သစ်တောဧကပေါင်း ၁,၆၃၀ ကျော် ဆုံးပါးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ အဆ ၄ ဆ တိုးလာသည်။ ဧကပေါင်း ၆,၆၀၀ ကျော်ဆုံးရှုံးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရခေတ်တွင်တော့ သစ်တောအများဆုံး ဆုံးရှုံးခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အကျယ်အဝန်း၏ ၄၇ ဆ နှင့် ညီမျှသော သစ်တောဧကပေါင်း ၃၈,၀၀၀ ဆုံးရှုံးခဲ့သည်။

ယင်းသို့သစ်တောဆုံးရှုံးမှု မြင့်တက်လာခြင်းမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ခရိုနီများနှင့် အပေါင်းအပါများကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် ဆီအုန်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်လာမှုကြောင့်ဖြစ်သည်။

NLD အစိုးရစတင်သည့် ၂၀၁၆ ခုနှစ်တွင် ဧကပေါင်း ၉,၃၀၀ နီးပါး ဖြင့် ၁၄ နှစ်အတွင်း အများဆုံးသစ်တောဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။ ကျန် NLD အစိုးရသက်တမ်းတွင် သစ်တောဆုံးရှုံးမှု အနည်းငယ်ပြန်လည်ကျဆင်းလာသော်လည်း ၂၀၁၄ ခုနှစ် မတိုင်မီကအခြေအနေမျိုးအထိ မကျဆင်းတော့ကြောင်း တွေ့ရသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်း သဘာဝတောတောင်များ ပျက်စီးသွားရခြင်း၏ အဓိကလက်သည်မှာ ရွှေ့ပြောင်းတောင်ယာလုပ်ခြင်း၊ ဥယျာဥ်ခြံစိုက်ပျိုးခြင်း၊ ဆီအုန်းစီမံကိန်းများ လုပ်ဆောင်ခြင်း၊ သစ်ထုတ်ခြင်းနှင့် ခဲသတ္တုတူးဖော်ခြင်းများကြောင့်ဖြစ်ကြောင်း မအေးမြတ်သူ(အမည်လွှဲ)က ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း မွေးဖွားကြီးပြင်းခဲ့သည့် မအေးမြတ်သူက NLD အစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားခဲ့သူတစ်ဦးဖြစ်ပြီး တနင်္သာရီအမျိုးသားဥယျာဉ်အကြောင်း ကောင်းစွာ သိရှိသူတစ်ဦးဖြစ်သည်။

ဒေသခံများ တောင်ယာနှင့် ဥယျာဉ်ခြံစိုက်ပျိုးပါက မိသားစုတစ်စုကို ၁၀ ဧကမှ ဧက ၅၀ အထိ လုပ်ကိုင်လေ့ရှိပြီး သစ်တောများကိုခုတ်ထွင်ရှင်းလင်းလေ့ရှိကြောင်း ၎င်းကပြောသည်။

တနင်္သာရီအမျိုးသားဥယျာဥ်အဖြစ်သတ်မှတ်ထားသည့်ဧရိယာအတွင်း ကျေးရွာပေါင်းဆယ်ချီရှိနေပြီး ဒေသခံအများစုက ရော်ဘာ၊ ကွမ်းသီးပင်ကဲ့သို့ ဥယျာဉ်ခြံစိုက်ပျိုးခြင်းဖြင့် အသက်မွေးသူများပြားသည်။

“သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီးတော့ တောင်ယာစပါးတွေ စိုက်တယ်၊ အဲဒီ တောင်ယာစပါးတွေ စိုက်ပြီးသွားတာနဲ့ သူတို့က ဒီ ဥယျာဉ်ခြံမြေ တည်တာပေါ့နော်။ ဥယျာဉ်ခြံမြေ တည်လိုက်တာတွေ အများကြီး လုပ်လာတယ်ပေါ့နော်”ဟု မအေးမြတ်သူက ဆိုသည်။

သဘာဝအမျိုးသားဥယျာဉ်အတွင်း ဒေသခံများ၏ တောင်ယာနှင့် ဥယျာဉ်ခြံလုပ်ကိုင်မှုများအပြင် ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် ကုမ္ပဏီကြီးများ၏ ဆီအုန်းစိုက်ခင်းကြီးများလည်း ဝင်ရောက်လာသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်း မြေအကျယ်အဝန်း ၃၈၀၀၀ ပေါ်တွင် ဆီအုန်းစိုက်ပျိုးမည့် MSPP Myanmar Stark Prestige Plantation(MSPP) ကုမ္ပဏီသည် ၂၀၁၁ တွင် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ထံမှ လုပ်ကိုင်ခွင့်ရရှိပြီး ဝင်ရောက်လုပ်ကိုင်လာသော ဆီအုန်းကုမ္ပဏီကြီးများထဲမှ တစ်ခုဖြစ်သည်။

အဆိုပါ ဖက်စပ်ကုမ္ပဏီတွင် မြန်မာကုမ္ပဏီ Stark Industries က ၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန် ၉၅ ရာခိုင်နှုန်းမှာ မလေးရှား Prestige Platform Sdn Bhd ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေး မှတ်တမ်းများအရ သိရသည်။

လုပ်ပိုင်ခွင့်ရသည့် ဧက ၃၈၀၀၀ အတွင်း ကျေးရွာငါးရွာ၏ နယ်နိမိတ်များ ပါဝင်ခဲ့ပြီး ဒေသခံတောင်သူများ၏ ဥယျာဥ်ခြံမြေများလည်း ပါဝင်ခဲ့သည့်အတွက် ဒေသခံများနှင့် အခြေအနေတင်းမာမှုများရှိခဲ့ပြီး NLD အစိုးရလက်ထက်တွင် ယင်းအခြေအနေကို ကိုင်တွယ်ဖြေရှင်းပေးခဲ့ရသည်။

“ကျွန်တော်တို့ကိုင်တွယ်ခဲ့တုန်းက မြေယာကိစ္စတွေ နဲ့ ကုမ္ပဏီရဲ့ စိုက်ပျိုးရေးအပိုင်းတွေကို အဓိက ကိုင်တွယ်ခဲ့တာပေါ့။ မြေယာကိစ္စမှာ ထိုက်သင့်တဲ့ လျော်ကြေးရရှိဖို့နဲ့ စိုက်ပျိုးရမယ့်မြေနေရာတွေမှာ ဒေသခံတွေရဲ့ ခြံမြေတွေရှိရင် ချန်လှပ်‌ပေးထားဖို့ပါ”ဟု ယင်းအချိန်က မြေယာပြဿနာနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သည့် NLD ပါတီမှ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

ယင်းနောက်ပိုင်းတွင် မြေယာကိစ္စပြဿနာများ တိုင်ကြားလာခြင်းမရှိတော့ဘဲ ကုမ္ပဏီဘက်က ဆီအုန်းစိုက်ပျိုးခြင်းကို ဆက်လက်လုပ်ဆောင်နေသလို အသေးစိတ်ကို မသိရတော့ကြောင်း ၎င်းက ဆိုသည်။

ယင်းကုမ္ပဏီအနေဖြင့် သတ်မှတ်ထားသည့်အချိန်အတွင်း လုပ်ငန်းပြည့်မီအောင်ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ဧက ၁၉၀၀၀ ကို ၂၀၁၈ ခုနှစ်တွင် အစိုးရထံ ပြန်လည်အပ်နှံခဲ့ရသော်လည်း ၂၀၂၀ ခုနှစ်တွင် ဧက တစ်သောင်းပြန်လုပ်ခွင့်ရရေး ထပ်မံကြိုးပမ်းခဲ့ကြောင်း မှတ်တမ်းများအရ အသိရသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်း ကံ့ကော်၊ သင်္ကန်း၊ ပျဉ်းကတိုးစသည့် ဈေးကောင်းရသည့်သစ်မာ အမျိုးအစား များစွာပေါက်ရောက်နေသည့်နေရာများကို ရှင်းလင်းခုတ်ထွင်ပြီးမှ ဆီအုန်းစိုက်ပျိုးလေ့ရှိကြောင်း မအေးမြတ်သူက ဆိုသည်။

အဆိုပါကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးရန် ရည်ရွယ်ချက်အပြင် ခုတ်ယူရရှိသည့် သစ်မာများကို တစ်ဆင့်ပြန်လည်ရောင်းချရန် ရည်ရွယ်ကြကြောင်း ၎င်းက ပြောသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းမှ ခုတ်ယူရရှိသည့်သစ်လုံးများကို ဖောင်ဖွဲ့ကာ တနင်္သာမြစ်ကြောင်းအတိုင်း မြိတ်မြို့သို့စုန်ဆင်းသည်။ ယင်းမှတစ်ဆင့် သင်္ဘောများဖြင့် သယ်ဆောင်သည်။ မြိတ်မြို့ဆိပ်ကမ်းတွင် သင်္ဘောဖြင့်တင်ဆောင်ပြီး မည်သည့်နေရာသို့ ဆက်လက်ပို့ဆောင်သည်ကိုမူ မသိရကြောင်း ၎င်းကရှင်းပြသည်။

ထို့အပြင် မော်တော်ယာဉ်များဖြင့်လည်း မြိတ်မြို့သို့ သယ်ဆောင်ကြသည့် နေရာများလည်းရှိသည်။

သစ်တောဦးစီးဌာန၏ မြန်မာ့သစ်လုပ်ငန်းကလည်း ဘဏ္ဏာရေးနှစ်အလိုက် သစ်မာထုတ်ယူမှုများ ဆက်တိုက်ရှိခဲ့သည်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင်ပင် တနင်္သာရီအမျိုးသားဥယျာဥ်တည်ရှိသည့် တနင်္သာရီမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တွင် သစ်မာတန်ချိန် ရှစ်ထောင်ထုတ်လုပ်ခဲ့သည်။

လေ့လာချက်များအရ ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD လက်ထက်တို့တွင် သတ္တုမိုင်းလုပ်ငန်းအချို့ ရှိနေပြီဖြစ်သော်လည်း ဥယျာဉ်ခြံများနှင့် ဆီအုန်းစိုက်ခင်းများကြောင့် သစ်တောဆုံးရှုံးမှု အဓိကဖြစ်ကြောင်းကို တွေ့ရသည်။

သို့သော်စစ်အာဏာသိမ်းပြီးနောက်တွင်တော့ ဥယျာဉ်ခြံအများစုမှာ သတ္ထုမိုင်းများအဖြစ် ကူးပြောင်းသွားပြီး ချိုင့်ခွက်များ မြေစာပုံများနှင့် ပြည့်လာနေသလို သတ္ထုမိုင်းလုပ်ကွက်သစ်များလည်း ဆက်တိုက်ကျယ်ပြန့်လာနေသည်၊။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီအမျိုးသားဥယျာဉ်အတွင်း သစ်တောဆုံးရှုံးမှုသည် NLD ခေတ်အခြေအနေဖြင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျလာသည်။ သို့သော်လည်း သစ်တောဆုံးရှုံးမှု တစ်သမတ်တည်း ဆက်ဖြစ်နေဆဲဖြစ်သည်။ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့တွင် သစ်တောဆုံးရှုံးမှု အနည်းငယ်စီလျော့ကျလာသော်လည်း ၂၀၂၃ ခုနှစ်တွင် ပြန်လည်၍ အရှိန်အဟုန်တိုးလာသည်။ ၂၀၂၄ ခုနှစ်တွင်မူ ဦသိန်းစိန်ခေတ်နှစ်များထက် သစ်တောဆုံးရှုံးမှုပိုများလာကြောင်း တွေ့ရှိရသည်။

စစ်အာဏာမသိမ်းခင်က တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းရှိ သိန္ဓောကျေးရွာအနီး ဧက ၁၀၀ ကျော် ကျယ်သည့် သတ္တုလုပ်ကွက် တစ်ခုသာရှိသော်လည်း အာဏာသိမ်းပြီးချိန်တွင် သတ္တုလုပ်ကွက်များ တိုးလာသည်။ ပိုလည်းကြီးလာသည်။

လက်ရှိ တနင်္သာရီအမျိုးသား ဥယျာဉ်ထဲတွင် တကူ၊ သိန္ဓော၊ ဘောလုထာဆိုသည့် ဒေသ ၃ ခု၌ သတ္တုလုပ်ကွက် အများအပြားရှိရှိနေသည်။ ဂြိုဟ်တုဓာတ်ပုံများအရ သိန္ဓောနှင့် ဘောလုထာမိုင်းလုပ်ကွက်များ၏ ခန့်မှန်းဧကမှာ ၆၃၂ ဧကကျော် အထိရှိနေသည်။ တကူမိုင်းမှာ ဂူစနစ်ဖြင့် တူးဖော်သည့်အတွက် ဂြိုဟ်တုဓာတ်ပုံများဖြင့် တိုင်းတာနိုင်ခြင်း မရှိပါ။

တနင်္သာရီတစ်တိုင်းလုံး သတ္တုမိုင်းများမှာ အဆိုးဆုံးဖြစ်လာနေပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ တနင်္သာရီတိုင်းအတွင်း သတ္တုတူးနေသည့်နေရာ ၆၆ ခုထက်မနည်းရှိလာသည်။ စုစုပေါင်း အကျယ်အဝန်း ဧကနှစ်သောင်းခွဲကျော် (၂၅၄၁၄ ဧကထက်မနည်း) အထိ ရှိနေသည်။

ယင်းမှာ ထားဝယ်မြို့ဧရိယာထက် ၄ ဆ နီးပါး ပိုမိုကျယ်ဝန်းနေပြီး ဘောလုံးကွင်းနှင့် နှိုင်းယှဉ်ပါက ကွင်းပေါင်း တစ်သောင်းလေးထောင်နှစ်ရာခန့်ရှိသည်။

စစ်အာဏာမသိမ်းမီက တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက် ၃၀ တွေ့ရပြီး စုစုပေါင်းဧက ၇၆၈၀ ဧကဝန်းကျင်သာရှိရာ ဧရိယာအားဖြင့် ၃ ဆကျော် တိုးလာခြင်းဖြစ်သည်။

တိုးလာသည့် သတ္တုလုပ်ကွက်တစ်ကွက်၏ အကျယ်အဝန်းမှာ ဆယ်ဧကမှ ဧကနှစ်ထောင်ကျော်အထိ အကျယ်အဝန်းရှိသည်။ ထိုနေရာများတွင် ခဲသတ္တုအပြင် ရွှေသတ္တုပါ ထွက်ရှိပြီး လုပ်ငန်းရှင်များက စစ်အာဏာရှင်တပ် အပါအဝင် လက်နက်ကိုင်တပ်မျိုးစုံကို ငွေကြေးပေးပြီး တူးဖော်နေကြခြင်းဖြစ်သည်။

ယင်းအကြောင်းကို Dawei Watch က ‘မြေလွှာကိုဖွင့် ပြည်ကို ဖျက်အံ့’ ဆောင်းပါးတွင် အသေးစိတ် ဖော်ပြထားသည်။

သစ်တောဆုံးရှုံးမှုနှင့်အတူ ဇီဝမျိုးကွဲများ ရှင်သန်မှုကို ခြိမ်းခြောက်လာနေပြီဖြစ်ပြီး အချို့သောမျိုးစိတ်များမှာ ပျောက်ကွယ်တော့မည် အန္တရာယ်ရှိနေသည်။

“အောက်ချင်းမြီးဖြူတွေ နေထိုင်ကျက်စားတဲ့ ထုံးကျောက်တောင်တွေကို ဘိလပ်မြေထုတ်ဖို့ ကျောက်မိုင်းတွေ လုပ်တာတွေကလည်း ဇီဝမျိုးစုံမျိုးကွဲတွေကို လျော့ကျသွားစေပါတယ်။ ၂၀၂၂ နောက်ပိုင်းမှာဆိုရင် အကောင်တွေကို တွေ့ရတာ ပိုနည်းသွားသလို အသံကြားရတာလည်း ရှားသွားပါပြီ” ဟု မြိတ်ခရိုင်ရှိ သစ်တောကြိုးဝိုင်းများအတွင်း ကွင်းဆင်းသုတေသန ပြုလုပ်နေသည့် အမည်မဖော်လိုသူ ဇီဝဗေဒသုတေသီတစ်ဦးက ရှင်းပြသည်။

တနင်္သာရီတိုင်းမှာ အပူပိုင်းမိုးသစ်တောကြီးများ ရှိသဖြင့် ဇီဝမျိုးစုံပေါက်ရောက်ရှင်သန် နေသည့်အတွက် ဂေဟစနစ်အတွက် အရေးကြီးလှကြောင်း ၎င်းကသတိပေးပြောဆိုသည်။

စက္ကူကျား ဖြစ်နေသော ကာကွယ်တောများ

ကာကွယ်တောများအတွင်း သစ်တောဆုံးရှုံးမှုမှာ တနင်္သာရီအမျိုးသားဥယျာဉ် တစ်ခုတည်းတွင်မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံး အနှံ့ဖြစ်သည်။

မြန်မာနိုင်ငံတွင်ကာကွယ်တော ၅၈ ခုရှိပြီး ဧရိယာစုစုပေါင်းဧက ၁၇ သန်းကျော်ရှိသည့်အနက် တနင်္သာရီတိုင်းတွင် ကာကွယ်တော ၇ ခုရှိကာ ဧရိယာစုစုပေါင်းဧက ၅ သန်းကျော်ရှိနေသည်။

မြန်မာနိုင်ငံ၏ ကာကွယ်တောဧရိယာ ၁၇ သန်းကျော် အနက် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဧကပေါင်း သုံးသိန်းခွဲ (၃၅၆,၀၀၀) နီးပါး ဆုံးရှုံးခဲ့ကြောင်း တွေ့ရသည်။ ယင်းသစ်တောဆုံးရှုံးမှု ပမာဏမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့၏ နှစ်ဆခွဲခန့်နှင့် ညီမျှသော ပမာဏဖြစ်သည်။

အများဆုံး သစ်တောဆုံးရှုံးမှုမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း၊ မြန်မာနိုင်ငံတစ်ဝန်း စစ်ဖြစ်ပွားနေသည့် လေးနှစ်တာကာလအတွင်း ဖြစ်သည်။ တစ်နှစ်လျှင် ဧက ၃၁,၀၀၀ ခန့် ဆုံးရှုံးနေကြောင်းတွေ့ရသည်။ ယခုစုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်တွင် ၂၀၂၅ ခုနှစ်အတွက် သစ်တောဆုံးရှုံးမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကိုမူ မရရှိသေးပေ။

နှိုင်းယှဉ်ချက်အရ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် (၂၀၁၆-၂၀၂၀) တွင် တစ်နှစ်လျှင် ဧက ၂၈,၀၀၀ ဆုံးရှုံးခဲ့ပြီး၊ စစ်တပ်ကျောထောက်နောက်ခံပြု ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၁-၂၀၁၅) တွင် တစ်နှစ်လျှင် ဧက ၁၈,၀၀၀ ခန့်ဆုံးရှုံးခဲ့သည်။

လက်နက်ကိုင်တပ်များနှင့် သစ်တောဆုံးရှုံးမှု

“၂၀၂၁-ခုနှစ် အာဏာသိမ်းမှုမတိုင်မီနဲ့ အာဏာသိမ်းကာလအတွင်း သစ်တောဆုံးရှုံးမှု ဆန်းစစ်ချက် တွေကို ကျွန်တော်တို့ လုပ်ကြည့်တဲ့အခါမှာ Tropical Rainforest (အပူပိုင်းမိုးသစ်တော) ဧရိယာတွေက အရမ်းကို ထိခိုက်နေတာကို တွေ့ရပါတယ်။ ပိုပြီးတော့မှ စိတ်ဝင်စားစရာ ကောင်းတာကကျတော့ ဒီ သစ်တောဆုံးရှုံးမှုဖြစ်ရတဲ့ နောက်ကွယ်က အကြောင်းရင်းတွေမှာ ပါဝင်ပတ်သက်နေသူတွေ (Stakeholders) က အရမ်းရှုပ်ထွေးနေပြန်ပါတယ်” ဟု ပတ်ဝန်းကျင်နှင့် ဇီဝသယံဇာတဆိုင်ရာ သုတေသီ ကိုငြိမ်းချမ်းက ဆိုသည်။

တနင်္သာရီတိုင်းမှာ တော်လှန်ရေး အားကောင်းသည့် ဒေသဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တပ်မတော် KNLA၊ ကော်သူးလေတပ်မတော် (KTLA)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသလက်နက်ကိုင် တပ်ဖွဲ့များလည်းရှိသည်။

လက်ရှိစစ်ရေးအခြေအနေအရ စစ်အာဏာရှင်တပ်က တနင်္သာရီတိုင်းအတွင်းရှိ မြို့ကြီးများ၊ တံတားကြီးများ၊ ရန်ကုန်-ထားဝယ်-ကော့သောင်း ပြည်ထောင်စုလမ်းပိုင်းနေရာအချို့ရှိ စစ်ဆေးရေးဂိတ်၊တပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များကို ထိန်းချုပ်ထားသည်။

KNU အပါအဝင် တော်လှန်ရေးတပ်များက သဘာဝသစ်တောကြိုးဝိုင်းများ၊ ပြည်ထောင်စုလမ်းပိုင်း နေရာများနှင့် မြို့နယ်အဆင့်မြို့ဝန်းကျင်ဧရိယာ၊ ကျေးရွာများကို ထိန်းချုပ်ထားနိုင်သည်။

တနင်္သာရီအမျိုးသားဥယျာဉ်၏ ဧရိယာ အများစုကို KNU က ထိန်းချုပ်ထားပြီး၊ အချို့နေရာများကိုမူ NUG ကထိန်းချုပ်ထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တွင် ဆီအုန်းကုမ္ပဏီကြီးအများစု၏ ဆီအုန်းစိုက်ပျိုးလုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာအစိုးရအုပ်ချုပ်မှုအောက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ထံတွင် လျှောက်ထားပြီး ယင်းကော်မရှင် ၏ လုပ်ကိုင်ခွင့်ဖြင့် လာရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်။

ထိုသို့လျှောက်ထားပြီး မြေပြင်တွင် လုပ်ငန်းအကောင်အထည်ဖော်ချိန်၌ မြေပြင်ရှိ KNU ၏ လက်နက်ကိုင်တပ်များနှင့် ညှိနှိုင်းသဘောတူပြီးမှသာ လုပ်ဆောင်ရလေ့ရှိကြောင်း NLD အစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းအရေး တက်ကြွလှုပ်ရှားခဲ့သူတစ်ဦးဖြစ်သူ မအေးမြတ်သူက ဆိုသည်။

“ဒီအမျိုးသား ဥယျာဉ်သစ်တောကြိုးဝိုင်းမှာဆိုရင်တော့ ဒီတိုင်းရင်းသား လက်နက်ကိုင်ကို အသိပေးပြီးမှ ဝင်လို့ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒီနှစ်ပေါင်းများစွာ သူတို့ စိုးမိုးထိန်းချုပ်လာတဲ့ နယ်မြေတစ်ခုပေါ့။ အစိုးရ ဘယ်လောက်ပဲ တက်တက် အစိုးရဆုံးဖြတ်ချက် တစ်ခုတည်းနဲ့မဟုတ်ဘူး။ NLD အစိုးရတက်လာတယ် NLD အစိုးရဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မပြီးဘူးပေါ့နော်။ ဒီနယ်မြေမှာ KNU လက်နက်ကိုင်တွေရှိတယ်။ KNU တွေရဲ့ ခွင့်ပြုချက်ရှိမှ လုပ်လို့ရတာ”ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်တွင်မူ ဆီအုန်းစီမံကိန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မှု မရှိသလောက်နည်းပါးသွားပြီး ခဲသတ္တုတူးဖော်မှုများ ပွစာကြဲပေါ်ပေါက်လာသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းရှိ သိန္ဓောကျေးရွာရှိ မြေတွင်းကြီးဖြစ်နေသည့် သတ္တုမိုင်းတစ်ခုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတွေ့ရစဉ်။

ထိုကဲ့သို့ အာဏာသိမ်းပြီးချိန်တွင်မူ KNU အပါအဝင် NUG လက်အောက်ခံတော်လှန်ရေးတပ်များနှင့် ဒေသတော်လှန်ရေးတပ်များ၏ တွန်းလှန်တိုက်ခိုက်မှုကြောင့် စစ်အာဏာရှင်တပ်က နေရာအများအပြားမှ ဆုတ်ခွာသွားကြရသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းရှိ သိန္ဓောကျေးရွာရှိ စစ်အာဏာရှင်တပ်စခန်းအပါအဝင် တပ်စခန်းအများအပြား ကို စွန့်ခွာပြီး ဆုတ်ခွာသွားခြင်း၊ တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းတို့ကြောင့် ယင်းဒေသတစ်ကြောတွင် စစ်အာဏာရှင်တပ်များ မရှိသလောက်ဖြစ်သွားသည်။

ထိုအခြေအနေတွင် ဒေသခံများ၊ တနင်္သာရီတိုင်းသားများအပါအဝင် တိုင်းပြင်ပမှ ခဲသတ္တုတူးသူများရောက်လာပြီး လက်နက်ကိုင်များကို ငွေကြေးပေးကာ သတ္တုတူးဖော်မှုများ လုပ်ဆောင်လာကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းရှိ သိန္ဓောကျေးရွာမှာ NUG ထိန်းချုပ်ထားသော နယ်မြေတစ်ခုဖြစ်ပြီး တစ်လလျှင် ကျပ်သုံးသိန်း အခကြေးငွေပေးဆောင်ရကြောင်း သိန္ဓောကျေးရွာမှ ဦးလှငွေ(အမည်လွှဲ)က ဆိုသည်။

NUG ယန္တရားက ခဲတူးချိန် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနည်းစေရန် စည်းမျဉ်းစည်းကမ်းအချို့ ချမှတ်ထားသော်လည်း လက်တွေ့တွင်မူ ကြီးကြပ်မည့်သူမရှိဘဲ စာရွက်ပေါ်တွင်သာ ရှိနေဟုဆိုသည်။

“သူတို့ကတော့ အရင်ကတော့ ချမှတ်ထားတာပဲ။ချောင်းတွေဘာတွေ မပျက်စီးရ ဘာညာဆိုပြီးတော့။နောက်ပိုင်းကတော့ တအားကြီးလိုက်မစိုးမိုးနိုင်ဘူးဆိုတော့ ဖြစ်ချင်သလိုဖြစ်သွားတာပဲ၊ အကုန်လုံးလုပ်ချင်သလိုမျိုးလုပ်ပဲ”ဟု ဦးလှငွေက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တနင်္သာရီတိုင်း စစ်ဌာန တာဝန်ရှိသူတစ်ဦးကို Dawei Watch ကဆက်သွယ်မေးမြန်းရာတွင် PDF များက ခွင့်ပြုချက်ပေး၍မရသလို NUG အနေဖြင့်လည်း သယံဇာတလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ ယခုကာလတွင် တရားဝင်ခွင့်ပြုထားခြင်း မရှိဟုဆိုသည်။ အခွန်အနေဖြင့် မဟုတ်ဘဲ ဒဏ်ကြေးကောက်ခံသည်မျိုးသာ ရှိသည်ဟု ၎င်းကဆိုသည်။

“ပကဖ တို့ ပအဖတို့ PDF တို့က ဒီလုပ်ငန်းတွေအပေါ်မှာ ခွင့်ပြုပေးခြင်းလုံးဝမရှိဘူး။ ထွက်လာတဲ့ သယံဇာတတွေအပေါ်မှာ ခဲဆိုရင်လည်းခဲပေ့ါ။ နယ်မြေတွေ ဖြတ်သန်းရတဲ့ဟာတွေရှိတယ်။ ဖြတ်သန်းတဲ့အချိန်မှာ ၅ ရာခိုင်နှုန်းလားမသိဘူး ကျွန်တော်အတိအကျတော့ မမှတ်မိတော့ဘူး။ သယံဇာတကနေ သတ်မှတ်ပေးထားတဲ့ သတ်မှတ်နှုန်းရှိတယ်။ ဒဏ်ကြေး(ကောက်တယ်)ပေါ့နော်။ အခွန်မဟုတ်ဘူး။ အခွန်လို့မသုံးဘူး” ဟု ၎င်းကဆိုသည်။

ကောက်ခံရရှိသည့် ဒဏ်ကြေးများကို ပြည်ထောင်စုအစိုးရအား ၄၀ ရာခိုင်နှုန်း၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ၃၀ ရာခိုင်နှုန်းနှင့် မြို့နယ်ကာကွယ်ရေးအတွက် ၃၀ ရာခိုင်နှုန်း ခွဲဝေအသုံးပြုသည်ဟု ၎င်းကရှင်းပြသည်။

သို့သော်ဒေသအလိုက်တွင် အုပ်ချုပ်ရေးအချို့နှင့် ရပ်ရွာလူကြီးများ ပါဝင်သည့် ကော်မတီများကိုမူ ဖွဲ့စည်းထားပြီး သတ္ထုလုပ်ကွက်များထံမှ ပိုက်ဆံကောက်ကာ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် ပြန်လည်အသုံးပြုကြောင်း အဆိုပါ တနင်္သာရီတိုင်းစစ်ဌာန တာဝန်ရှိသူက ဆိုသည်။

ယင်းမှာ NUG ထိန်းချုပ်နယ်မြေထဲမှ ထွက်ရှိသော သယံဇာတနှင့် ပတ်သက်ပြီး စီမံခန့်ခွဲသည့် လုပ်ဆောင်ပုံကို ရှင်းပြခြင်းသာဖြစ်ပြီး နယ်မြေဧရိယာအားဖြင့် အတော်နည်းကြောင်း၊ ကျန်သည့် NUG ထိန်းချုပ်နယ်မြေ ပြင်ပမှ ဧရိယာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(ERO)နှင့်သာ သက်ဆိုင်ပြီး ၎င်းတို့၏ လုပ်ငန်းစဉ်ကိုမူ မသိကြောင်း အဆိုပါတာဝန်ရှိသူကဆက်လက်ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမော်ထွန်းအောင်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း ‘တနင်္သာရီတိုင်းဆိုရင် ကေအန်ယူ ကိုမေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ်၊ အဲ့ဘက်က မိုင်းတွေ ကို အန်ယူဂျီ ကစီမံတာ မရှိသေးလို့ပါ’ ဟုသာ စာဖြင့်ပြန်လည်ဖြေကြားသည်။

အခြားကာကွယ်တောတစ်ခုဖြစ်သော လေညာအမျိုးသားဥယျာဉ်အတွင်းတွင်လည်း ရတနာပုံသတ္တုမိုင်းတစ်ခုသာရှိရာမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အနီးဝန်းကျင်ရှိ ချောင်းရိုးတစ်လျှောက်တွင် သတ္တုလုပ်ကွက်များ အလျှိုလျှိုပေါ်လာသည်။

အဆိုပါဒေသများက KNU နှင့် စစ်အာဏာရှင်တပ်တို့ ထိန်းချုပ်ထားသည့်နေရာများဖြစ်ပြီး အခွန်အခအနေဖြင့် နှစ်ဖက်တပ်များကို ပေးနေရကြောင်း အသက် ၄၂ နှစ်အရွယ် ကိုစိုးသူ(အမည်လွှဲ)က ဆိုသည်။

ကိုစိုးသူက NLD အစိုးရလက်ထက်တွင် ဘုတ်ပြင်းမြို့နယ်တွင် အခြေစိုက်ပြီး သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်လာသူဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ ဖမ်းဆီးမည့်အရေးကို စိုးရိမ်သည့်အတွက် ကိုစိုးသူက ဘုတ်ပြင်းမြို့ရှိ ၎င်း၏မွေးရပ်မြေတွင်နေထိုင်၍မရတော့ဘဲ တော်လှန်ရေးတပ်ထိန်းချုပ်ထားသည့် နေရာတစ်ခုတွင် နေထိုင်သူဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ သတ္တုလုပ်ကွက်အများစုက KNU ထိန်းချုပ်နယ်မြေအတွင်းတည်ရှိပြီး အခွန်အခအနေဖြင့် သတ္တုရှာသည့်စက်ဆိုင်းတစ်ဆိုင်းကို တစ်လလျှင် ကျပ် ၃ သိန်း၊ ဘက်ဟိုးတစ်စီးကို ကျပ်၅ သိန်းမှ ၁၀ သိန်းအထိ ပေါက်ဈေးရှိနေကြောင်း ၎င်းက ဆိုသည်။

“ရတနာပုံဆိုရင် KNU ကိုင်တယ်ဆိုပေမယ့်လည်း ဒီဖက်(စကစ)ကို ခွဲပေးရတာလည်းရှိတယ်။ တခြား တော်တော်များများ(နေရာ)က ဒီလိုပုံစံမျိုးနဲ့ သွားကြတာများပါတယ်”ဟု ကိုစိုးသူက ပြောသည်။

လေညာအမျိုးသားဥယျာဉ်အတွင်း ခဲသတ္တုလုပ်ကွက်များအပြင် သစ်ထုတ်လုပ်မှုများလည်းရှိနေသည်။

သစ်ထုတ်ရာတွင်လည်း KNU နှင့် စစ်အာဏာရှင်တပ်ကိုပါ ငွေကြေးပေးဆောင်ကြရကြောင်း ကိုစိုးသူက ဆိုသည်။

ထိုသို့ သဘာဝသယံဇာတကို စည်းကမ်းမဲ့ထုတ်ယူနေကြသည့်အတွက် တစ်ချိန်က သစ်တောသစ်ပင်များဖြင့် စိမ်းစိုအုံ့မှိုင်းနေသည့် နေရာများက ပျောက်ပျက်သွားကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ သဘာဝပတ်ဝန်းကျင်ပျက်စီးသွားချိန်တွင် ပြည်သူများက ဝမ်းစာရေးအတွက်သာရပြီး အကျိုးအမြတ်ကို တစ်ကယ်တမ်းခံစားရသူများက စစ်အာဏာရှင်တပ် အပါအဝင် လက်နက်ကိုင်များသာဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

“အကျိုးခံစားခွင့်ရာခိုင်နှုန်းနဲ့ပြောရမယ်ဆိုရင် လူတစ်စုအတွက်သာပဲ ရှိပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန် KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုစောတာနီးကို စင်ဂနယ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းရာတွင် ‘ဆရာပြောတဲ့ဟာတွေက ကျနော်အနေနဲ့လက်လှမ်းမမီနိုင်လို့ ပြောလို့မရပါခင်ဗျ’ ဟုသာ စာဖြင့်ပြန်လည်ဖြေဆိုသည်။

ယင်းကြောင့် KNU မြိတ် -ထားဝယ်ခရိုင် အတွင်းရေးမှူး ဖဒိုအယ်နားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် Facebook messenger မှတစ်ဆင့်မေးခွန်းပေးပို့ မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ယင်းသို့ပင် တနင်္သာရီတိုင်း စစ်ကော်မရှင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၏ ဖုန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်နှစ်ကြိမ်တိတိ ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

သတ္တုများ စီးဆင်းရာ

သဘာဝသစ်တောကြိုးဝိုင်းအပါအဝင် တနင်္သာရီတိုင်းနေရာအနှံ့တူးဖော်ရာက ထွက်ရှိလာသည့် ခဲသတ္တုများကို နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ကြပြီး အချို့မှာ ထိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့နေကြသည်။

နယ်မြေအသီးသီးကတူးဖော်ရရှိလာသည့် ခဲသတ္တုများကို ဒေသခံများကပင် အဝယ်တော်လုပ်ကာ ဝယ်ယူစုဆောင်းပြီး ထိုင်းနိုင်ငံရှိ မြန်မာနှင့် ထိုင်းလုပ်ငန်းရှင်များထံ ပို့ပေးလေ့ရှိကြောင်း Dawei Watchက မေးမြန်းခွင့်ရသည့် ခဲလုပ်ငန်းနှင့်ပတ်သက်ဆက်နွယ်သူ ၃ ဦးက ပြောဆိုသည်။

ထိုင်းနိုင်ငံရှိ မြန်မာ သို့မဟုတ် ထိုင်းနိုင်ငံသား လုပ်ငန်းရှင်များက ဒေသခံအဝယ်တော်များကို ငွေကြေးထုတ်ပေးကာ မြေပြင်ရှိ ခဲသတ္တုထုတ်လုပ်တူးဖော်သူများထံမှ ဝယ်ယူခိုင်းခြင်းဖြစ်သည်။

ဝယ်ယူရရှိသည့် ခဲသတ္တုများကို ထိုင်းနိုင်ငံသို့တင်ပို့ရာတွင် အဓိကနယ်စပ်ထွက်ပေါက် ၃ ခုမှ တင်ပို့နေကြ ခြင်းဖြစ်ကြောင်း Dawei Watch ၏ စုံစမ်းချက်အရ သိရသည်။

ထားဝယ်ခရိုင်တွင် ထီးခီးနယ်စပ်ထွက်ပေါက်မှလည်းကောင်း၊ မြိတ်ခရိုင်တွင် မောတောင်နယ်စပ်ထွက်ပေါက် မှလည်းကောင်း၊ ကော့သောင်းခရိုင်တွင် ကော့သောင်း-ရနောင်း မှလည်းကောင်း အသီးသီးတင်ပို့ရောင်းချနေ ကြခြင်းဖြစ်သည်။

➤ ထီးခီးထွက်ပေါက်

တနင်္သာရီသဘာဝကြိုးဝိုင်းတည်ရှိသည့် ထားဝယ်ခရိုင်အတွင်းတူးဖော်ထွက်ရှိသည့် ခဲသတ္တုအားလုံးနီးပါးကို ထီးခီးနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ အဓိကတင်ပို့နေသည်။

အဆိုပါဒေသက ထွက်ရှိသည့် ခဲသတ္တုများကို ဒေသခံအဝယ်တော်များက ခဲတူးဖော်သူများထံမှ သွားဝယ်ကြခြင်းဖြစ်သည်။
လက်ရှိတွင် ခဲသတ္တုတစ်ပိဿာလျှင် ငွေကျပ် တစ်သိန်းနှစ်သောင်းဝန်းကျင်ပေါက်ဈေးရှိနေပြီး ဝယ်ယူထားသည့် ခဲအများစုကို ထားဝယ်အရှေ့တောရှိ ကျေးရွာတစ်ရွာတွင် စုပုံသိုလှောင်ထားကြသည်။

ယင်းနောက်တွင်မှ အဝယ်တော်၏ ခဲသတ္တုဝယ်နိုင်အား၊ ထွက်ရှိသည့်ခဲပမာဏအပေါ်မူတည်ကာ ဟိုက်လပ်(Vigo) ယာဉ်များဖြင့် ထီးခီးနယ်စပ်သို့ သယ်ဆောင်ကြကြောင်း ခဲကားမောင်းသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“နေရာဒေသအသီးသီးက ခဲတွေကို စုလိုက်တာပေါ့။ ခဲဝယ်တဲ့အဖွဲ့ကတော့ မတူဘူးပေါ့။ (ထီးခီးကို) ခဲကားတစ်ခါတက်လာရင် တစ်ဖွဲ့ကို ကားအစီး ၄၀၊ ၅၀၊၆၀ တက်လာတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါခဲသတ္တုများကို ထီးခီးနယ်စပ်တွင် ကွန်တင်နာပုံးဖြင့် စုဆောင်းလေ့ရှိကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

၎င်းမှာထားဝယ်အရှေ့တောဒေသရှိ ကျေးရွာတစ်ရွာမှ ပိဿာချိန် ၃၀ ဝန်းကျင်ပါသည့် ခဲသတ္တုအိတ် ၃၅ အိတ်ခန့် တင်ဆောင်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ရည်ရွယ်ဖောက်လုပ်ထားသည့် ထီးခီးလမ်းအတိုင်း ထိုင်းနိုင်ငံနယ်စပ်ဖြစ်သည့် ထီးခီးဒေသသို့ သွားပို့ရလေ့ရှိသည်။

ထိုင်းဘက်ခြမ်းသို့ရောက်သွားသည့် ခဲသတ္တုများ မည်သည့်နေရာသို့ဆက်လက်သယ်ဆောင်ပြီး မည်သို့ရောင်းချသည်ကိုမူ မသိရတော့ပေ။

➤ ကော့သောင်း-ရနောင်းလမ်း

တနင်္သာရီအမျိုးသားဥယျာဉ်၊ လေညာအမျိုးသားဥယျာဉ်နှင့် အနီးဝန်းကျင်ရှိ သတ္တုလုပ်ကွက်များမှထွက်ရှိသည့် ခဲသတ္တုအများစုကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်မှတစ်ဆင့် စက်လှေကြီးများဖြင့် ရနောင်းမြို့သို့ တင်ပို့ကြခြင်းဖြစ်သည်။

အဆိုပါနယ်စပ်ထွက်ပေါက်မှာ စစ်ကော်မရှင်က အပြည့်အဝထိန်းချုပ်ထားသည်။ သို့ရာတွင် ခဲသတ္တုလုပ်ကွက်မှ စက်လှေရှိရာဆိပ်ကမ်းအသီးသီးသို့ သယ်ဆောင်ရာလမ်းတစ်လျှောက်တွင်မူ KNU အပါအဝင် တော်လှန်ရေးတပ် ထိန်းချုပ်နေရာများကို ဖြတ်သန်းရလေ့ရှိသည်။

ခဲသတ္တုတင်လာသည့် အဆိုပါစက်လှေကြီးများက မြန်မာရေပိုက်နက်ကိုဖြတ်သန်းလာပြီးနောက် ကော့သောင်းမြို့တစ်ဖက်ကမ်းရှိ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ဆိုက်ကပ်ကြသည်။

ရနောင်းမြို့သို့ရောက်လာသည့် ခဲသတ္တုများကို ခဲကုန်သည်များက တစ်ကီလိုလျှင် ၆၅၀ ဘတ်အထိ ပေးဝယ်ကြပြီး ‘ထိုင်းနိုင်ငံက ထုတ်လုပ်သည်’ ဆိုသည့် တံဆိပ်ကပ်နှိပ်လိုက်သည်။

တစ်ကီလိုလျှင် ၆၅၀ ဘတ်အထိ ပေးဝယ်ကြပြီး ‘ထိုင်းနိုင်ငံက ထုတ်လုပ်သည်’ ဆိုသည့် တံဆိပ်ကပ်နှိပ်လိုက်သည်။

အဆိုပါခဲသတ္တုများကို ထိုင်းသတ္တုကုမ္ပဏီထံရောင်းချကြသလို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ကြ သူများရှိပြီး ဈေးအတက်အကျအပေါ်မူတည်ကာ တစ်ကီလိုလျှင် ဘတ် ၉၀၀ မှ ၁၂၀၀ ဘတ်အထိ ဈေးရလေ့ရှိသည်။

“ထိုင်းကုမ္ပဏီကို မသွားဘဲနဲ့ တရုတ်ကို တိုက်ရိုက်သွားနေတဲ့လမ်းကြောင်းလည်းရှိတယ်။ အခုဆိုရင် တရုတ်ကို တိုက်ရိုက်တင်တဲ့ သူတွေရှိတယ်။ မြန်မာပြည်က သူဌေးတွေပဲ”ဟု ရနောင်းလမ်းကြောင်းမှတစ်ဆင့် ခဲတင်သွင်းသည့် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။

အဆိုပါလမ်းကြောင်းမှ တင်ပို့သည့်ခဲသတ္တုက တစ်လလျှင် ကီလိုသောင်းချီရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

➤ မောတောင်က ခဲထွက်ပေါက်

မောတောင်နယ်စပ်ထွက်ပေါက်မှာ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းတည်ရှိပြီး မောတောင်မြို့နှင့် နေရာအများအပြားကို KNU ဦးဆောင်သော တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

သို့ရာတွင် ခဲသတ္တုလုပ်ကွက်များနှင့် သယ်ဆောင်ရာလမ်းတစ်လျှောက်တွင်မူ စစ်အာဏာရှင်တပ်နှင့် NUG လက်အောက်ခံတပ်များက ထိန်းချုပ်ထားသည့်နေရာများရှိသည်။

ထိုသို့တင်ပို့ရာတွင် ငွေကြေးတတ်နိုင်သည့် ကုန်သည်များက စုပေါင်းလုပ်ကိုင်ကြပြီး တင်ပို့သည့်ပမာဏ များနိုင်ကြောင်း ခဲတင်ပို့သည့်အကြောင်းကိုသိနေသည့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ မအေးမြတ်သူက ဆိုသည်။

“သိသလောက်ဆိုရင် ကွန်တိန်နာ (Container) ကားတွေနဲ့လည်း တင်တာပေါ့နော်။ ကွန်တိန်နာကား ၂၀၊ ၃၀ လောက် အဲလိုတင်တယ်။ လမ်းကြောင်းကောင်းရင်တော့ သူတို့ တစ်ပြိုင်တည်း ဆင်းကြတာပေါ့နော်။ လမ်းကြောင်း မကောင်းဘူးဆိုရင်တော့ ကွန်တိန်နာ မဟုတ်ဘဲနဲ့ ကျောက်တင်ကားနဲ့ပေါ့”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံသို့ ရောက်သွားချိန်တွင်မူ မည်သို့ဆက်လက်သယ်ဆောင်သွားကြပြီး မည်သည့်နေရာထံ ရောင်းချကြကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။

လူတစ်စုဒဏ် လူများစုခံ

တနင်္သာရီမြစ်ရေကိုအမှီသဟဲပြုပြီး မြစ်ကြောင်းတစ်လျှောက် ရာသီပေါ်သီးနှံများ စိုက်ပျိုးပြီး အသက်မွေးနေကြသည့် ကိုင်းစိုက်တောင်သူများ၊ ငါးဖမ်းသမားများလည်း ခဲသတ္တုလုပ်ကွက်များ၏ နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားနေရပြီဖြစ်သည်။

တနင်္သာရီမြစ်မှာ ထားဝယ်မြို့နယ်တွင် မြစ်ဖျားခံပြီး ထိုင်း-မြန်မာနယ်စပ်အနီးတစ်လျှောက် တနင်္သာအမျိုးသားဥယျာဉ်ကို ဖြတ်သန်းကာ စီးဆင်းလာသည့်မြစ်ဖြစ်သည်။

သတ္ထုမိုင်းများမှ စီးဆင်းလာသည့်ရေများမှာ မြစ်ချောင်းငယ်များမှတစ်ဆင့် တနင်္သာရီမြစ်အတွင်း စီးဝင်သွားကြသလို မြစ်တစ်လျှောက်ရွှေတူးသည့် လုပ်ငန်းများ၊ သတ္ထုမိုင်းများလည်း အများအပြားရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သိန္ဓော သွင်ပြင်လက္ခဏာက ပြောင်းသွားသည်။ သစ်တောပြုန်းတီးမှုနှင့် သတ္တုမိုင်းများ၏ ဆိုးကျိုးကို သိန္ဓောကျေးရွာကဲ့သို့ပင် တနင်္သာရီတိုင်းအတွင်းရှိ အခြားကျေးရွာများတွင်လည်း ကြုံတွေ့နေကြရသည်။

Dawei Watch က ကွင်းဆင်း မေးမြန်းခဲ့သည့် ဝမ်းနာကျေးရွာက ကိုင်းစိုက်တောင်သူနှစ်ဦးကလည်း စိုက်ပျိုးမြေအနေအထားပြောင်းလဲသွားပြီး သီးနှံအထွက် ကျဆင်းလာကြောင်း ဖွင့်ဟကြသည်။

ဝမ်းနာရွာ ချက်မြှုပ်ဖြစ်သည့် အသက် ၅၀ အရွယ် မဌေးခိုင် (အမည်လွှဲ)မှာ ၁၉၉၈ ခုနှစ်ကတည်းက ကိုင်းစိုက်သည့်အလုပ်ဖြင့် အသက်မွေးရင်း ကျောင်းတက်လာခဲ့သူဖြစ်သည်။

ထိုအချိန်က တနင်္သာရီမြစ်အတွင်းရှိ မြေနုကျွန်းများတွင် သဘာဝအလျှောက်မြေဩဇာကောင်းမွန်ပြီး သီးနှံအထွက်နှုန်းကောင်းခဲ့သည့်အတွက် မိသားစုစားဝတ်နေရေးအပြင် ကျောင်းစရိတ်အတွက်ပင် ပူစရာမလိုခဲ့ဟုဆိုသည်။

ယခုအခါ မြေကြီးက သဲ၊ ရွှံ့များဖြင့်ပြည့်လာပြီး မြေပျက်လာပြီး သီးနှံများမဖြစ်ထွန်းတော့ကြောင်း ၎င်းက ပြောသည်။

“ဒီမှာလေ ခဲရေတွေပေါ့။ သတ္တုရေတွေမျောလာတယ်ဆိုတော့ ဒီမှာ မြေဩဇာတွေမကောင်းဘူးပေါ့။ အရင်တုန်းကဆိုရင် မြေဩဇာတွေ သိပ်မသုံးရဘူး။ အခုက မြေဩဇာတွေသုံးမှ တက်(ဖြစ်ထွန်း)တယ်” ဟု မဌေးခိုင်က ဆိုသည်။

တနင်္သာရီမြစ်အတွင်း ငါးဖမ်းသမားအလုပ်ဖြင့် နှစ်ပေါင်း ၂၀ ခန့် အသက်မွေးနေသည့် ဝမ်းနာရွာသား ဦးကုလား (အမည်လွှဲ) တွင်လည်း တူညီသော အတွေ့အကြုံရှိသည်။

“အရင်တုန်းကဆိုရင် ၁ လက်မခွဲ ပိုက်တစ်ဖုံနဲ့ဆင်းသွားရင် မိသားစုထမင်းစားလို့ လောက်တယ်လေ ရလာတဲ့ငါးက။ အခုက စားလို့တောင် အဆင်မပြေတော့ဘူး။ မမိကြဘူးပေါ့။ တစ်ညလုံးမျှော(ပိုက်မျှောပြီးဖမ်း) လို့တောင် တစ်ပိဿာရဖို့မလွယ်ဘူး” ဟု ၎င်းကပြောသည်။

ယင်းသို့ပင် တနင်္သာရီမြစ်ပေါ်ရှိ သိန္ဓောရွာအနီး တကူရွာနှင့် သာရဘွင်ရွာမှ ဒေသခံများကလည်း မြစ်အလယ်ရှိကျွန်းများတွင် ကျွန်းများရှည်လာခြင်း၊ သောင်များဖြစ်ထွန်းလာခြင်း၊ မြစ်ရေများ တိမ်ကောလာခြင်း၊ မြစ်ရေစီးကြောင်းများ ပြောင်းလဲသွားခြင်း၊ မြစ်ရေများ မကြာခဏ နောက်ကျိပြီး အဝါရောင်ဖြစ်သွားခြင်းနှင့် မြစ်ကမ်းပါးပြိုခြင်းများ ဖြစ်ပွားနေကြောင်း ပြောဆိုကြသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းရှိ ဘန်းပြည့်ရွာကူးတို့ဆိပ်တွင် ဒေသခံများ ခဲယင်းနေသည်ကို တွေ့ရစဉ်။

သတ္တုလုပ်ကွက်များမှတစ်ဆင့် တနင်္သာရီမြစ်အတွင်းသို့စီးဆင်းလာသည့်ရေတွင် ပြဒါးအပါအဝင် ဓာတုပစ္စည်းများ ပါဝင်နေကြောင်း ဒေသခံများက ယုံကြည်နေသည်။

သို့သော် တနင်္သာရီတိုင်းအတွင်းရှိ မြစ်ချောင်းများကို သုတေသနပြု စစ်ဆေးခြင်းမျိုး မရှိသည့်အတွက် မည့်သည့်ဓာတ်များပါဝင်သည်ကိုမူ တိတိကျကျ ပြောဆိုနိုင်ခြင်းမရှိပေ။

တနင်္သာရီမြစ်ကို အမှီသဟဲပြုပြီး ဝမ်းစာရေးဖြည့်တင်းနေကြသည့် ငါးဖမ်းသမားများ၊ ကိုင်းစိုက်တောင်သူများကလည်း ယင်းသို့ပင်ပြောဆိုကြသည်။

ရွှေနှင့်ခဲသတ္တုတူးဖော်မှုများကြောင့် တနင်္သာရီမြစ်ကြောင်းအတွင်း ခရုများ၊ ရေချိုငါးများ ရှားပါးပျောက်ကွယ်လာသလို လေညာအမျိုးသားဥယျာဉ်အတွင်း၌လည်း တောရိုင်းတိရိစ္ဆာန်များ ရှားပါးလာကြောင်း စုံစမ်းသိရှိရသည်။

လတ်တလောတွင်ပင် တနင်္သာရီတိုင်းအတွင်း သစ်တောဆုံးရှုံးမှုမှာ ဒေသခံများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနေပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရောက်နေပြီဖြစ်သည်။ ယင်းအခြေအနေထက် ပိုမိုသော ဆိုးကျိုးသက်ရောက်မှုများလည်း ရှိလာနိုင်သေးသည်။

“သစ်တောတွေမရှိရင် သဘာဝဘေးဒဏ်ကို တိုက်ရိုက်ရော သွယ်ဝိုက်ရော ခံရတော့မှာ”ဟု ဇီဝသယံဇာတဆိုင်ရာ သုတေသီ ကိုငြိမ်းချမ်းက သတိပေးပြောဆိုသည်။

မြေဆီလွှာညစ်ညမ်းခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ ရေနေသတ္တဝါရှားပါးခြင်း၊ တောင်ပြိုခြင်းများ ကြုံတွေ့လာနေရကြောင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုတွင် ဥယျာဉ်ခြံလုပ်နေသည့် အမျိုးသားတစ်ဦးက ရှင်းပြသည်။

“ဒီလိုအမွေဆိုးတွေမျိုးကို ကျွန်တော်တို့ချန်ထားခဲ့မယ်ဆိုရင် ကျွန်တော်တို့အရင်မျိုးဆက်က သယံဇာတတွေကို အကုန်ထုတ်ယူပြီးရင် မြေဆီလွှာတွေ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ဟာတွေမျိုး ဒီလိုမျိုးလုပ်ခဲ့တဲ့အတွက် (နောက်မျိုးဆက်က) ဆင်းရဲတွင်းနက်သွားနိုင်တဲ့အထိ ကြုံတွေ့ရနိုင်တယ်” ဟု ၎င်းက ဆိုသည်။

သိန္ဓောနှင့် အနီးဝန်းကျင်ရွာများက ကြိုဆိုပါသည်။ ဥယျာဉ်ခြံများအစား ခဲမိုင်းများက နှုတ်ခွန်းဆက်သ ပါလိမ့်မည်။